Top News

COVID-19 ထိန်းချုပ်ရာတွင် အားအနည်းဆုံးနေရာဖြစ်သည့် ရန်ကုန်ကို မထိန်းချုပ်နိုင်ပါက တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
24htopnews | November 30, 2024 11:12 AM CST

COVID-19 ထိန်းချုပ်ရာတွင် အားအနည်းဆုံးနေရာဖြစ်သည့် ရန်ကုန်ကို မထိန်းချုပ်နိုင်ပါက တစ်နိုင်ငံလုံးအတွက် စိန်ခေါ်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု ကိုဗစ်နောက်ဆုံးအခြေအနေ ပြောရမယ်ဆိုရင် ကိုဗစ်ကို မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေကိုလည်း အဓိကထားပြီးတော့ ပြောဖို့လည်းလိုတယ်၊ နောက်ပြီးတော့ ကျွန်မတို့ ကာကွယ်ဆေးအစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြောဖို့တော့လိုပါတယ်။ ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့နေရာ အများဆုံးကတော့ ရန်ကုန်ပေါ့။ အဲဒါတော့လည်း ကျွန်မတို့ ရန်ကုန်တိုင်းက ပြည်သူတွေ သိပြီးသားဖြစ်ပါတယ်။ အဲဒီတော့ အထူးသတိထား စေချင်ပါတယ်။ အခုအချိန်မှာဆိုရင် ရာသီဥတုကလည်း အေးလာပြီ။ ရာသီဥတုက အေးလာတဲ့အခါကျ‌တော့ တခြားအေးတဲ့ရာသီနဲ့၊ ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ဖြစ်တတ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိတာလေးတွေ၊ တုပ်ကွေးဖြစ်တာလေးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ ကျွန်မနားလည်သလောက်ကတော့ တုပ်ကွေးဖြစ်နေသူ တစ်ဦးကနေပြီးတော့ ကိုဗစ်ပါကူးမယ်ဆိုရင် အခြေအနေက နည်းနည်းပိုပြီးတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် အားလုံး အထူးသတိထားဖို့ဆိုတာကို ကျွန်မတို့ သတိပေးချင်ပါတယ်။ ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျွန်မတို့ရဲ့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေးမြို့တော်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူအောင် လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မကသတိပေးချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် အချို့သည် ကာကွယ်ဆေး ဘယ်တော့ရမည်ကို စိတ်ဝင်စားနေကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် Gavi ဆိုသည့် ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီးနှင့် ပူးပေါင်းပြီး ကိုဗစ်အတွက် လုပ်ဆောင်ထားသည့် အစီအစဉ်ရှိကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးရန် အစီအစဉ်ဖြစ်ကြောင်း၊ COVAX ဆိုသည့် အစီအစဉ်တွင် ကျွန်မတို့လည်းပါဝင်ကြောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် အမှာစာလည်း ပေးပို့ပြီးဖြစ်ကာ ကာကွယ်ဆေး ရနိုင်မည်ဟုသိရကြောင်း၊ ထို့ပြင် မလုံလောက်ပါက တစ်ခြားတစ်ဘက်ကနေ ဝယ်ယူမည်ဖြစ်ကြောင်း၊ COVAX အစီအစဉ်ဖြင့် လိုသလောက် အားလုံးရနိုင်မည်မဟုတ်ကြောင်း၊ သို့သော် နိုင်ငံတော်ဘက်က အားလုံးအတွက် လုံလောက်အောင် စီစဉ်ထားကြောင်း၊ စီစဉ်သည့်နေရာတွင် အမျိုးသားအဆင့် ကာကွယ်ဆေးဆိုးသည့် အကြံပေးအဖွဲ့ကိုလည်း ၀ါရင့်ကျန်းမာရေး ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကာ ဆေးများသိုလှောင်၊ ဖြန့်ဖြူးထိုးနှံ့ချင်းအစီအစဉ်များကို လုပ်ဆောင်ပြီး ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒါပေမယ့် ကျွန်မသတိပေးချင်တာကတော့ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်မတို့က နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထည့်ပြီးတော့ တွက်ရပါတယ်။ ကျွန်မပြောချင်တာက ဘာလဲဆိုတော့၊ စီးပွားရေးပြန်ပြီးတော့ နာလန်ထူနေတဲ့နေရာတွေကို ကျွန်မတို့ ဦးစားပေးပြီးတော့၊ ကာကွယ်ဆေးတွေ ထိုးသင့်ရင်လည်းထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့လည် ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပေးရာတွင် စီးပွားရေးယန္တရား ပြန်လည်လည်ပတ်နိုင်ခြေရှိသည့် ဒေသများတွင် စောစောစီးစိး ထိုးပေးနိုင်မည့် အခြေအနေမျိုးရှိနိုင်ပြီး အားလုံးအတွက် မျှတအောင်လုပ်ဆောင်မည်ဖြစ်ကာ မည်သူကို ဦးစားပေးမည်ဆိုသည်မှာ နိုင်ငံ၏ လိုအပ်ချက်အရ လုပ်ဆောင်နိုင်သည့် အင်အားအရ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင်လည်း စောစောစီးစီး ကာကွယ်ဆေးထိုးပေးနိုင်မည့် အခြေအနေမျိုးလည်းဖြစ်ပေါ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြော ကြားသည်။

“ကျွန်မတို့အခု ကိုဗစ်နဲ့ပတ်သက်လို့ဆိုရင် တချို့က ကာကွယ်ဆေးထိုးပြီးလို့ရှိရင် ပြီးသွားတာပဲဆိုပြီးတော့ ပေါ့ပေါ့တွက်ပါလိမ့်မယ်။ ဒါပေမယ့် ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ ထိုးပေးရမှာပါ။ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှမကျန်ဖို့ပေါ့။ ဒါတော့ ကျွန်မတို့ရဲ့မူပါပဲ။ ဘယ်သူ့ကိုမှမချန်ခဲ့ဘူး။ အားလုံးကို ကျွန်မတို့ကနေပြီးတော့  ကျန်းမာရေးအရ ကာကွယ်မှုပေးဖို့ ကျွန်မတို့စီစဉ်ပါတယ်။ ဒါပေမယ့် အားလုံးကို တစ်ချိန်တည်းထိုးပေးနိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ချီပြီးတော့ ကြာမှာပါ။ ဒါကြောင့် အခု၊ ဒီနေ့၊ မနက်ဖြန်၊ သဘက်ခါလောက် ပြီးသွားမယ်လို့ အဲဒီလိုမယူဆပါနဲ့။ ကျွန်မတို့ကာကွယ်ဆေးတွေဟာလည်း ဒီလတော့စပြီး ထိုးနိုင်မယ့် အခြေအနေတော့ ကျွန်မမမြင်ပါဘူး။ အဲဒီတော့ မှာထားတာတွေရှိတယ်။ အစီအစဉ် တွေတော့လုပ်ပြီးသားပါ။ ဒါပေမယ့် ဟိုဘက်ကလည်း ရောက်လာဖို့လည်း လိုပါသေးတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားသည်။

 

 


READ NEXT
Cancel OK