Top News

တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုသည် တရားစီရင် တရားမျှတမှုစနစ် တစ်ရပ်လုံးအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု ကျဆင်းစေကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား
24htopnews | November 30, 2024 11:12 AM CST

တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုသည် တရားစီရင် တရားမျှတမှုစနစ် တစ်ရပ်လုံးအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု ကျဆင်းစေကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြည်သူအများ အနေဖြင့် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစား လာစေရန်နှင့် ယုံကြည်ကိုးစားမှုကို တိုးမြင့်လာစေရန်အတွက် တရားသူကြီးများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့် သော်လည်းကောင်း တရားရုံး ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် လွတ်လပ်မှု၊ သာတူညီမျှရှိမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှုစသည့် တရားစီရင်ရေး ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည် ဖြစ်ကြောင်း၊ တရားစီရင်ရေးနှင့် ဆက်စပ်လျက်ရှိသည့် တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များကလည်း မိမိတို့ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြရန် လိုမည်ဖြစ်ကြောင်း၊ သို့မှသာ တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူ အားလုံးက တရားစီရင်ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများပြုခြင်းဖြင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ရာ ရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိမှသာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလ တရားများ ထွန်းကားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်မှာ တရားစီရင်ရေး ကဏ္ဍသည် တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်နိုင်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက်သာမက ချိုးဖောက်ခံရဖွယ်ရှိသည့် ကိစ္စများအတွက် ထိရောက်သည့် သက်သာခွင့်နှင့် အကာအကွယ်များကို ပေးနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် တရားစီရင်ရေး ကဏ္ဍသည် လွတ်လပ်ရမည်၊ သမာသမတ်ကျရမည်။ တာဝန်ခံနိုင်ရမှာဖြစ်ပြီး ယင်းသို့ဆောင်ရွက်နေကြောင်းကို မြင်သာစေရမှာဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် တရားစီရင်ရေး လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် အကဲဖြတ်နိုင်စေရန်၊ တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို အများသိရှိလာစေရန် ရည်ရွယ်၍ တရားရုံး နှစ်စဉ်အစီရင်ခံစာများကို ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြင့် တရားရုံးလုပ်ငန်း ဆောင်ရွက်ချက်များကို တရားစီရင်ရေး ကဏ္ဍနှင့် ပတ်သက်နေသူများသာမက အများပြည်သူကပါ ပွင့်လင်းမြင်သာစွာ သိရှိနားလည်ခွင့် ရရှိလာမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။


READ NEXT
Cancel OK