Top News

COVID-19 ပျောက်ကင်းသွားသူများကို Follow up ပြန်လည်ကြည့်ရှုရာတွင် ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ပြန်လည်တွေ့ရှိနေရ
24htopnews | November 30, 2024 11:12 AM CST

COVID-19 ပျောက်ကင်းသွားသူများကို Follow up ပြန်လည်ကြည့်ရှုရာတွင် ရင်တုန်ခြင်း၊ အသက်ရှုမဝခြင်း၊ မောခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ပြန်လည်တွေ့ရှိနေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင် ခေတ္တညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာသန်းဝင်းက COVID-19 အကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်တွင် ထည့်သွင်းပြောကြားသည်။

“COVID-19 ရောဂါဟာ ပထမ လတ်တလောတော့ အဖြစ်နည်းနေတယ် ဆိုသော်လည်း ပျောက်ကင်းသွားတဲ့ သူတွေမှာ ဆက်လက်ပြီး ရောဂါလက္ခဏာတွေ တွေ့နေရပါတယ်။ ဒါကို ဆေးပညာဝေါဟာရအရ Long Covid Syndromes လို့ ခေါ်ပါတယ်။ Long Covid Syndromes ကို ခွဲခြားပြီး ကြည့်တဲ့အခါ အုပ်စုကြီးလေးခုကို တွေ့ရပါတယ်။ ပထမဦးဆုံး အုပ်စုက ဒီရောဂါဖြစ်ပြီး ပျောက်သွားလို့ အိမ်ပြန်ရောက်တဲ့အခါ အဆုတ်နဲ့ နှလုံးမှာ လက္ခဏာတွေကို ခံစားနေရတယ်။ ပြန်သွားပြီးတဲ့အခါ ရင်တုန်တာ၊ အသက်ရှူမဝတာ၊ မောတာ၊ ချောင်းဆိုးတာတွေ စသဖြင့် အဲဒါတွေ ခံစားနေရပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။

COVID-19 လူနာများ ရောဂါပျောက်ကင်း သွားသော်လည်း လူနာအချို့တွင် ဝေဒနာများ ဆက်လက် ခံစားနေရ၍ ဆေးရုံဆင်း လူနာများကို ရောဂါဖြစ်ပွားမှု အခြေအနေအပေါ် မူတည်ကာ Follow up ဆက်လက် ကြည့်ရှုပေးနေရခြင်းဖြစ်သည်။

“ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာဆိုရင် ပြန်လည်ပျောက်ကင်းသွားတဲ့သူတွေကို Follow up ပြန်လည် ကြည့်ရှုတဲ့အခါ ဒီပြဿနာတွေကို တော်တော်များများ ပြောကြပါတယ်။ အဲဒါကတော့ ပထမဦးဆုံးအုပ်စု ဖြစ်ပါတယ်။ သူတို့ဟာ စဖြစ်တုန်းက ဗိုင်းရပ်စ်တွေဟာ အဆုတ်ရဲ့ လေအိတ်တွေ၊ နှလုံးကြွက်သားတွေကို ထိခိုက်ခဲ့တဲ့အတွက် အခု နောက်ပိုင်းမှာ သူဟာ သက်သာသွားသော်လည်း ဒီလက္ခဏာတွေ ဆက်လက် ခံစားနေရတာ ဖြစ်ပါတယ်။ ဒုတိယအုပ်စုက အချို့သော ရောဂါတွေဟာ Intensive Care Unit လို့ခေါ်တဲ့ အထူးကြပ်မတ် ကုသဆောင်မှာဝင်ပြီး ကုသမှုခံယူနေရတဲ့ ရောဂါရှင်တွေပါ။ သူတို့က ပြန်လည် ကျန်းမာလာတဲ့အခါ သူတို့တွေ့ကြုံခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ စက်ကိရိယာတွေ၊ အသည်းအသန် လူနာတွေကို မြင်တွေ့ခဲ့ရတယ်ဆိုတော့ အိမ်ပြန်ရောက်တဲ့အခါ စိတ်ဖိစီးမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေ တွေ့ရပါတယ်။ တတိယအုပ်စုက ဘယ်ဗိုင်းရပ်စ်မဆို ဝင်ပြီးရင်ဖြစ်ပြီး ကျန်လေ့ရှိတဲ့ မောပန်းနွမ်းနယ် ချည့်နဲ့တာတွေ ရှိတတ်ပါတယ်။ ဒီလက္ခဏာတွေလည်း ခံစားရပါတယ်။ နောက်ဆုံးအုပ်စုက COVID ရဲ့ ထူးခြားတဲ့ ၀ိသေသလို့ပဲ ပြောရမလား မသိဘူး။ ဖြစ်သွားပြီးတဲ့သူက အစကနဦးတုန်းကဖြစ်တဲ့ လက္ခဏာတွေက နောက်ပိုင်းမှာလည်း ဆက်လက်ပြီး ခံစားနေရတယ်။ ဥပမာ အဖျားငွေ့ငွေ့ရှိတာ ကောင်းကောင်းအနံ့မရတာ လျှာပေါ်မှာ အရသာမတွေ့တာ ဒီလိုမျိုး အုပ်စုကြီးလေးခု တွေ့ရှိရပါတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။

ပြင်းထန်သော ရောဂါလက္ခဏာရှိသည့် လူနာများ သို့မဟုတ် အသည်းအသန် လူနာများ သို့မဟုတ် ကိုယ်ခံအား ကျဆင်းနေသူများတွင် ရောဂါလက္ခဏာပြသည့် ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် လေးရက်ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီ မပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြားရောဂါ လက္ခဏာများ မရှိခြင်း) နှင့် လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိရမည် ဖြစ်ကြောင်းနှင့် ရောဂါလက္ခဏာ မရှိသော လူနာများကိုမူ SARS-Cov-2 ရောဂါပိုး တွေ့ရှိပြီး ၁၁ ရက် ထားရှိပြီးပါက ဆေးရုံဆင်းခွင့်ပြုထားကြောင်း သိရသည်။

COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်အနက် ၁၈၀၀ ကျော်မှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့) မှလွဲ၍ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် သေဆုံးလူနာများ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။

COVID-19 ကြောင့် သေဆုံးသူများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၈၀၀ ကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၅၄ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀ ဦး၊ ရခိုင်ပြည်နယ်တွင် ၂၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၅ ဦး၊ မကွေးတိုင်းဒေသကြီးတွင် တစ်ဦး၊ မွန်ပြည်နယ်တွင် ၁၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် သုံးဦး၊ ကရင်ပြည်နယ်တွင် ၁၀ ဦး၊ နေပြည်တော်တွင် သုံးဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် တစ်ဦး၊ ချင်းပြည်နယ်တွင် တစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တစ်ဦးရှိကြောင်း သိရသည်။


READ NEXT
Cancel OK