Top News

COVID-19 လူနာ ၁၆ ဦးတွေ့ခဲ့သည့် မိတ္ထီလာမြို့နယ်၊ ထန်းတောကျေးရွာတွင် တစ်အိမ် တစ်ဦးနှုန်းဖြင့် ၇၃ ဦးအား ဒုတိယမြောက် Swab ယူစစ်ဆေး
24htopnews | November 30, 2024 11:12 AM CST

COVID-19 အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့သောကြောင့် Lockdown ချထားသော မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု ထန်းတောကျေးရွာတွင် တစ်အိမ်တစ်ယောက်နှုန်းဖြင့် လူဦးရေ ၇၃ ဦးအား ဒုတိယအကြိမ် Swab ယူကာ ပိုးရှိ မရှိစစ်ဆေးရန် မန္တလေး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

"ဒီဇင်ဘာ ၃ ရက်က ပထမအကြိမ် Test Kit စစ်တာက ၇၃ ဦး၊ အိမ်ခြေက ၇၅ အိမ်ဆိုပေမဲ့ နှစ်ယောက်က Quarantine ထဲမှာ မိသားစုလိုက် နှစ်စုပါနေတော့ Test Kit စစ်တာက ၇၃ ဦး၊ အဲဒီ Test Kit နဲ့စစ်တာ All Negative အဖြေရရှိတယ်။ ဒုတိယအကြိမ်ကို မနေ့က (ဒီဇင်ဘာ ၁၀ ရက်) Swab ယူလိုက်ပြီး မန္တလေးဓာတ်ခွဲခန်းကို ပို့စစ်လိုက်တယ်။ ဒီနေ့ညပိုင်းလောက် အဖြေသိရမယ်။ အခုဒုတိယအကြိမ် Swab ယူတာလည်း ၇၃ ယောက်ပဲယူတယ်။ အရင် ၇၃ ယောက်ကို ဒုတိယအကြိမ် Swab ယူလိုက်တာ ရွာကို Lockdwon ချထားတဲ့အခြေအနေက ဒီနေ့ဆို ၁၀ ရက်လောက်ရှိသွားပြီ။ Lockdown ချထားတဲ့ ထန်းတောကျေးရွာကို အုပ်စုကလည်း ထောက်ပံ့နိုင်သလောက် ထောက်ပံ့တယ်။ မြို့နယ်အုပ်ချုပ်ရေးကလည်း ဆန် ၁၃ အိတ်ထောက်ပံ့တယ်။ ဘေးပတ်ဝန်းကျင် ရွာတွေက အလှူရှင်တွေ လာလှူဒါန်းကြတာ ရှိတယ်။ မိတ္ထီလာက လူမှုရေး အသင်းအဖွဲ့တွေလည်း လာလှူဒါန်းကြတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ အဲဒီလို စားနပ်ရိက္ခာတွေကို လာလှူဒါန်းကြတယ်။ ထန်းတောကျေးရွာသားတွေ မွေးထားတဲ့ နွားနဲ့ဆိတ်အတွက် စားကျက်မြေ ကွင်းနှစ်ကွင်း သတ်မှတ်ပေးထားတယ်။ အဲဒီ သတ်မှတ်ပေးထားတဲ့ကွင်းထဲမှာ ကျွဲ၊ နွား၊ တိရစ္ဆာန်ကျောင်းတာ၊ ကျွဲစာ၊ နွားစာရိတ်တာတို့ လုပ်ရမယ်။ အခြားကို အဝင်အထွက် မလုပ်ရဘူး။ ဒီသတ်မှတ်ထားတဲ့ ကွင်းနဲ့ပဲ ကျွဲ၊ နွား ကျောင်းဖို့ လုပ်ပေးထားတယ်” ဟု မိတ္ထီလာမြို့ နယ် ရေဝေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပြောကြားသည်။

အောက်တိုဘာလ အတွင်းက မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ (၈) တွင် ရာအိမ်မှူး အပါအဝင် လူ ၁၀ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ရသဖြင့် အောင်ဇေယျာရပ်ကွက် နယ်မြေ (၈) အတွင်းရှိ အိမ်ခြေ ၈၀၊ လူဦးရေ ၃၄၀ ကျော်ကို Lockdown ချထားခဲ့ရပြီး နယ်မြေ ၈ အနီးနားရှိ ပုလဲစျေးကိုလည်း ခေတ္တပိတ်သိမ်း ထားခဲ့ကာ နိုဝင်ဘာ ၆ ရက်တွင် Lockdown ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၉ ရက်က မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် Quarantine Centre နှင့် ရေဝေကျေးရွာ Quarantine Centre တို့မှ လူလေးဦး COVID-19 ပိုး စတင်တွေ့ရှိခဲ့ရပြီးနောက် လက်ရှိအချိန် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းထိ မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ရဟန်းသာမဏေများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း COVID-19 အတည်ပြုလူနာ ၁၇၈ ဦး တက်ရောက်ကုသခဲ့ရပြီး ရောဂါသက်သာ ပျောက်ကင်းသဖြင့် ၁၄၈ ဦးဆေးရုံဆင်းခွင့် ရရှိကာ ရောဂါအခံကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်းနှင့် ဆေးရုံတက်ရောက် ကုသနေရဆဲ ၂၉ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

မိတ္ထီလာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ မိတ္ထီလာတက္ကသိုလ် ရာဇာဆောင် စသော Quarantine Centre များတွင် မိတ္ထီလာမြို့သို့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ဒေသစသော ပြည်တွင်း တိုင်းနဲ့ပြည်နယ် ဒေသများနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ၊ COVID-19 အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ စသောလူဦးရေ ၁၁၀ ဝန်းကျင် Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရှိရပြီး COVID-19 အတည်ပြုလူနာ ၁၆ ဦး တွေ့ရှိခဲ့ရသောကြောင့် မိတ္ထီလာမြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးသော ထန်းတောကျေးရွာမှ အိမ်ခြေ ၇၅ အိမ်၊ လူဦးရေ ၄၀၀ ကျော်အား Lockdown ချထားခဲ့ရကာ အလှူရှင်များက စားဝတ်နေရေးအတွက် ထောက်ပံ့ပေးထားခဲ့ရကြောင်း သိရသည်။

 


READ NEXT
Cancel OK