Top News

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် NSCN-K နာဂလက်နက်ကိုင်အဖွဲ့နှင့် NiKi နာဂလက်နက်ကိုင် ခွဲထွက်အဖွဲ့တို့ ပြန်လည်ပေါင်းစည်းရေး ကြားဝင်စေ့စပ်ညှိနှိုင်းမှုကို နှစ်ဖက်တပ်များ လက်မခံ
24htopnews | November 30, 2024 11:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် NSCN-K နာဂလက်နက်ကိုင် အဖွဲ့နှင့် NiKi နာဂလက်နက်ကိုင် ခွဲထွက်အဖွဲ့တို့ ပြန်လည်ပေါင်းစည်းရေး ကြားဝင်စေ့စပ်ညှိ့နှိုင်းမှု နှစ်ဖက်တပ်များ လက်မခံခဲ့ကြောင်း၊ NSCN-K နာဂလက်နက်ကိုင်အဖွဲ့ အနေဖြင့် NiKi နာဂလက်နက်ကိုင် ခွဲထွက်အဖွဲ့ကို မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာသွားစေလိုကြောင်း ယင်းအပေါ်၌ NiKi နာဂလက်နက်ကိုင် ခွဲထွက်အဖွဲ့က လက်မခံကြောင်း လေရှီးမြို့နယ် နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ နာယကဖြစ်သူ ဦးကြူးစီးထောင်၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လေရှီးမြို့နယ် နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ နာယကဖြစ်သူ ဦးကြူးစီးထောင် ဦးဆောင်သော အဖွဲ့က နာဂလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တို့အကြား ပြန်လည်ပေါင်းစည်းရေး ကြားဝင်စေ့စပ် ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အရပ်ဘက်အဖွဲ့က ကြားဝင်ပြီး ဖြေရှင်းပေးတာတော့ အဆင်မပြေဘူး။ ခွဲထွက် NiKi အဖွဲ့ကို ဒီနိုင်ငံကနေ ထွက်သွားဖို့ NSCN-K အဖွဲ့က တောင်းဆိုတာပေါ့။ ခွဲထွက် NiKi အဖွဲ့ကလည်း လုံးဝမထွက်ဘူး။ ဒီမှာပဲ အခြေချမယ်ပေါ့။ ခွဲထွက် NiKi အဖွဲ့က ဒီမှာအခြေချမယ် ဆိုရင်လည်း NSCN-K နာဂလက်နက်ကိုင် အဖွဲ့က တိုက်မယ်ပေါ့။ ကျွန်တော်တို့ကတော့ နှစ်ဖက်တပ်တွေ ပြန်လည်ပေါင်းစည်းရေးကို ကြားဝင်ပြီးတော့ ညှိနှိုင်းပေးတာပေါ့နော်။ ဒီအပေါ်မှာ လက်မခံကြဘူး။ အဆင်မပြေဘူး” ဟု လေရှီးမြို့နယ် နာဂစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ နာယကဖြစ်သူ ဦးကြူးစီးထောင်က ပြောကြားသည်။

NiKi နာဂလက်နက်ကိုင် ခွဲထွက်အဖွဲ့သည် NSCN-K နာဂလက်နက်ကိုင်အဖွဲ့မှ ခွဲထွက်ခဲ့ပြီး ယင်းအဖွဲ့မှ ခွဲထွက်ရခြင်းမှာ ထိပ်ပိုင်းခေါင်းဆောင် လုရာမှတစ်ဆင့် အဆင်မပြေမှုများကြောင့်သာ ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်း လေရှီးမြို့နယ် နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးကြူးစီးထောင်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် NSCN-K လက်နက်ကိုင်အဖွဲ့နှင့် NiKi ခွဲထွက်အဖွဲ့တို့အကြား ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် NSCN-K လက်နက်ကိုင်အဖွဲ့နှင့် NiKi ခွဲ ထွက်အဖွဲ့တို့ တပ်စခန်းချရာ နေရာသည် အလွန်နီးကပ်နေကြပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က နန်းယွန်းမြို့နယ် တကားကျေးရွာရှိ NSCN-K နာဂလက်နက်ကိုင် ဌာနချုပ်ကို ခန္တီးအခြေစိုက် တပ်မတော်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ နေရာယူခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

NSCN-K နာဂလက်နက်ကိုင်အဖွဲ့သည် ၁၉၆၄ ခုနှစ်အတွင်းက လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ် ရေးထိုးခဲ့သည့်အဖွဲ့ တစ်ခုဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK