Top News

COVID-19 အကြောင်းပြချက်ဖြင့် လောက်ကိုင်မြို့နယ် အနီးတွင် တရုတ်နိုင်ငံက ခြံစည်းရိုးခတ်
24htopnews | November 30, 2024 11:12 AM CST

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် နယ်စပ်ကျောက်တိုင် အမှတ် BP-131 နေရာအနီး တရုတ်ဘက်အခြမ်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ယာယီ ခြံစည်းရိုး လာရောက်ခတ်မှုကြောင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

“ဒီမနက် (ဒီဇင်ဘာ ၁၁ ရက်) ၁၀ နာရီက လောက်ကိုင်မြို့နယ်အတွင်း နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင် BP-131 အနီး တရုတ်နိုင်ငံဘက်မှ ခြံစည်းရိုးခတ်နေကြောင်း သိရှိရ၍ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ နယ်စပ်မျဉ်း ဧရိယာအတွင်း မကျရောက်ဘဲ သူတို့တရုတ်နိုင်ငံ နယ်‌‌မြေဘက်ခြမ်းမှာသာ‌ ဆောင်ရွက်နေခြင်း ဖြစ်တယ်၊ COVID-19 ရောဂါ ဖြစ်ပွားနေချိန်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်ပြီး‌တော့ တရားမဝင် လူဝင်ထွက် သွားလာမှု မရှိစေရေးအတွက် ယာယီတားဆီးခြင်းသာဖြစ်ပြီး ရောဂါကင်းစင် ပ‌ပျောက်ချိန်တွင် အဆိုပါ ခြံစည်းရိုးအား ပြန်လည်ဖယ်ရှား ပေးသွားမည်ဟု တရုတ်နိုင်ငံဘက်က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်” ဟု လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေတိုးက ပြောကြားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်‌ ကျောက်တိုင် (BP-125) အနီး တရုတ်နိုင်ငံဘက်မှ နယ်စပ်မျဉ်း ဧရိယာအတွင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးခတ်လာသည့်အတွက် ကွင်းဆင်းတားမြစ်ကာ ကန့်ကွက်လွှာ ပို့ထားရသေးသည်။

မြန်မာ-တရုတ်နယ်စပ် နယ်ခြားကျောက်တိုင် ၆၆/၁ နှင့် ၆၈ ကြားနှင့် နယ်ခြားကျောက်တိုင် ၇၃ နှင့် ၇၃/၁ ကြားတွင် တရုတ်နိုင်ငံဘက်မှ နယ်စ်မျဉ်းနင့် ၁၀ မီတာအတွင်းတွင် အောက်တိုဘာ ၂ ရက် နေ့လည် ၁ နာရီခွဲ အချိန်ခန့်မှစတင်၍ တရုတ်နိုင်ငံ COVID-19 ရောဂါ အကြောင်းပြချက်ဖြင့် ခြံစည်းရိုးခက် ကာရံခဲ့သေးသည်။

၂၀၁၈ စက်တင်ဘာ ၁၉ ရက်နှင့် စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ဖိုင်ကျောင်းကျေးရွာ တရုတ်-မြန်မာ နယ်နိမိတ် ခြံစည်းရိုး အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး တရုတ် တိုက်ခိုက်ရေးတပ်ဖွဲ့ (တရုတ်ပြည့်သူ့ လွတ်မြောက်ရေးတပ်မတော်) မှ တပ်သား ၂၀ ခန့်သည် အခင်းဖြစ်ထားသည့် နေရာမှ ပေ ၁၅၀ ခန့် ကျော်လွန်ကာ ဖိုင်ကောင်း ကျေးရွာရှိ စစ်ဘေးရှောင်စခန်း  IDP ထိ လက်နက်ကြီးများ ကိုင်ဆောင်ကာ ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ၂၀၁၈ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မူဆယ်မြို့ ဆင်ဖြူပေါက်၌ အငြင်းပွားမှုဖြစ်ခဲ့ပြီး တရုတ်စစ်တပ်မှ ၁၀ ဦးခန့် လက်နက်ကိုင်ဆောင်၍ တရားမဝင် အပေါက်မှ ဝင်ရောက်ခဲ့‌သေးသည်။

၎င်းအပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ အမှတ် (၂) ရပ်ကွက်ရှိ နယ်နိမိတ် ကျောက်တိုင် အမှတ် BP-144/3 နဲ့ 144/4 အကြား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနဲ့ ၄ မီတာကျော် အကွာမှာ စိုက်ထူထားသည့် မြန်မာနိုင်ငံ အလံတိုင်နေရာကို တရုတ်နယ်ခြားစောင့် တပ်ဖွဲ့ဝင် လက်နက်ကိုင်အချို့ ဝင်ရောက်လာခဲ့ပြီး အလံတိုင် အောက်ခြေ အုတ်ခုံကို ဝင်ရောက် ဖျက်ဆီးခဲ့ကာ ၂၀၁၉ အောက်တိုဘာလအတွင်း တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် မြန်မာပိုင်နက် နယ်မြေထဲသို့ တရုတ်ဘက်က ကျူးကျော်ဝင်ရောက်၍ မြေတူးသည် ဟုဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါအဝင် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ရ‌သေးသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်ခြားတစ်လျှောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့နှင့် ကီလိုမီတာ ၂,၂၁၀ ကျော် မိုင် ၁,၃၈၀ ခန့် ထိစပ်နေပြီး မူဆယ်မြို့နယ်နှင့် ထိစပ်နေသော မြန်မာ-တရုတ် နယ်စပ်သည် ၆၁ မိုင်ခန့်ရှည်လျား ရှည်လျားပြီး မူဆယ်ခရိုင် နမ့်ခမ်းမြို့နဲ့ မူဆယ်မြို့တို့၌ နယ်စပ်တိုင်ပေါင်း ၉၂ တိုင်ရှိကာ ၎င်းနေရာတစ်‌လျောက် ပူးတွဲကွင်းဆင်းစစ်ဆေးမှုကို ၁၉၉၂ မှ ၁၉၉၅ အထိ နောက်ဆုံး ပြုလုပ်ခဲ့ဖူးပြီး အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်၊ ဦးနေဝင်း ဦးဆောင်ချုပ်ဆိုသည့် တရုတ်-မြန်မာ နယ်နိမိတ် စာချုပ်တွင်လည်း ကချင်ပြည်နယ်မှ ဖိမော်၊ ဖုန်ကန်၊ ဂန်ဖန် နယ်သုံးခုကို တရုတ်နိုင်ငံပိုင်အဖြစ် သဘောတူလက်မှတ် ထိုးခဲ့ရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ထာကြောင်း သိရသည်။

 

 


READ NEXT
Cancel OK