ဗိုလ်တထောင်မြို့နယ်တွင် အခကြေးငွေယူကာ COVID-19 ရောဂါ ရှိမရှိ အိမ်အရောက် လိုက်လံစစ်ဆေးပေးသည့် ဆရာဝန် တစ်ဦးအား အရေးယူထားကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်သောင်း၏ ပြောကြားချက်အရ သိရသည်။
COVID-19 ရောဂါရှိမရှိ တရားဝင် စစ်ဆေးပေးသည့် နေရာများမှာ ဆေးရုံ၊ ကွာရန်တင်းစင်တာ၊ ဧရာစင်တာ စသည့်နေရာများမှလွဲ၍ ကျန်သည့်နေရာတွင် စစ်ဆေးခြင်းသည် တရားမဝင်ကြောင်း၊ ကျန်းမာရေးဌာနက Positive တွေ့သည့် လူနာများနှင့် ထိတွေ့သော Contact ရှိသူများကို လိုက်လံစစ်ဆေးသည့်အခါ ယခုကဲ့သို့ အခကြေးငွေယူကာ အိမ်အရောက် လိုက်လံစစ်ဆေးပေးသည့် ဖြစ်စဉ်ကို သိရှိခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။
“ဒီလိုဗျ။ ကျန်းမာရေးဌာနက Contact လူတွေကို လိုက်စစ်ဆေးရင်းနဲ့ အမျိုးသမီး တစ်ယောက်က Positive တွေ့တော့သူ့ရဲ့ Contact တွေကိုလိုက်တယ်။ လိုက်တဲ့အခါမှာ သူ့ရဲ့မိသားစုဝင်ထဲက စစ်ပြီးပြီတဲ့။ Negative ဖြစ်တယ်တဲ့။ စစ်စရာ မလိုဘူးတဲ့။ စစ်တဲ့နေရာက တရားဝင် ဆေးရုံတွေမှာစစ်တယ်။ ကွာရန်တင်း စင်တာတွေမှာ စစ်တယ်။ နောက်တစ်ခါ ဧရာစင်တာတွေမှာ စစ်တယ်ပေါ့။ အဲဒီလို စစ်ခွင့်ပြုထားတဲ့ နေရာတွေရှိတယ်။ အဲဒါတွေကလွဲရင် ကျန်တဲ့နေရာတွေက တရားမဝင်ဘူးလေ။ သူကပြောတာက အိမ်ကိုခေါ်စစ်တာတဲ့။ ဒါမျိုးတွေပြောတော့ ကျန်းမာရေးဌာနက သိပ်မသင်္ကာတော့ဘူး။ မသင်္ကာတော့ လိုက်ရင်းနဲ့ အခကြေးငွေ ယူပြီးတော့ စစ်တယ်ဆိုတာ သတင်းကရပြီ။ လိုက်စစ်တဲ့သူနဲ့လည်း Contact လုပ်ဖို့အတွက် ဖုန်းနံပါတ်လည်းရတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။
ယင်းနောက် တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် တိုင်ပင်ကာ မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ အသွင်ယူကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဆရာဝန်မှာ ကျပ်ခြောက်သောင်းယူပြီး အိမ်အရောက် လိုက်လံစစ်ဆေးသည်မှာ မှန်ကန်ကြောင်း ဦးစိန်သောင်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ တိုင်းကျန်းမာရေးနဲ့ တိုင်ပင်တော့ ကျန်းမာရေးကလည်း ဒါကိုသက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး အသွင်ယူပြီး ဖမ်းပေးဖို့ ညွှန်ကြားတဲ့အတွက် မြို့နယ်ဆရာဝန်က ကျွန်တော်တို့ကို လာညှိနှိုင်းတယ်ပေါ့။ ကျွန်တော်တို့ကလည်း ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး ဖမ်းဆီးလိုက်တာပါ။ ငွေကြေးကတော့ ခြောက်သောင်းယူပြီး စစ်တယ်ပေါ့။ အဲဒီနေ့က အသွင်ယူပြီး ဖမ်းတော့လည်း အဲဒီလိုပဲ ခြောက်သောင်းဆိုပြီး ဖုန်းတွေဆက်ပြီး အချိန်ကို ချိန်းလိုက်တာပေါ့။ အဲဒီလိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း အသင့်စောင့်ပြီး ဖမ်းလိုက်တဲ့သဘောပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးရမိသည့် ဆရာဝန်အား ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၂၉ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၂၉ နဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိတော့ ဘာမှသိပ်ထူးခြားမှု မရှိသေးပါဘူး။ သူတစ်ယောက်ထဲပါပဲ။ တခြားသူတွေတော့ မပါပါဘူး။ အခုဗိုလ်တထောင် ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
