Top News

COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံထဲ ပြန်ဝင်နိုင်ရေး အခက်အခဲဖြစ်နေသည့် MoU စနစ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သိန်းခန့်ရှိ
24htopnews | November 30, 2024 11:12 AM CST

COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံထဲ ပြန်ဝင်နိုင်ရေး အခက်အခဲဖြစ်နေသည့် MoU စနစ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သိန်းခန့်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး လေ့လာစောင့်ကြည်သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သည့် ကိုဗစ်ကပ်ရောဂါနှင့် ရွှေ့ပြောင်းအလုပ်သမားအရေး DVB Debate အစီအစဉ်တွင် ပြောကြားသည်။

COVID-19 ကပ်ရောဂါကာလ အစပိုင်းတွင် ထိုင်းနိုင်ငံ၌ ရောဂါဖြစ်ပွားသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာပြီး MoU စနစ်ဖြင့် ထိုင်းနိုင်ငံ ပြန်သွားမည့် အလုပ်သမားများ ရှိသကဲ့သို့ ပြန်သွားရန် စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် ဝင်ခွင့်မရသူ အများအပြား ရှိနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက အဆိုပါ အစီအစဉ်တွင် ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လေ့လာစောင့်ကြည်သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက “အရေးပေါ် ဖြစ်သွားတာကြောင့်မို့လို့ ထိုင်းနဲ့ ချက်ချင်းပဲ ဆက်သွယ်ညှိနှိုင်းပြီး အရေးပေါ်လုပ်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။ MoU စနစ်နဲ့ ထိုင်းကပြန်သွားမယ့်သူတွေ ဆိုရင်လည်း နစ်နာပါတယ်။ သူတို့ဆိုရင် မြန်မာနိုင်ငံဘက်ကို ခဏလေး လာခဲ့တာပါ။ ပြန်ဝင်လိုက်တာနဲ့ အဆင်ပြေမယ့်ကိစ္စမှာ ကျွန်တော်တို့ဘက်က မဆောင်ရွက်ပေးနိုင်တဲ့အခါ အလုပ်သမား တစ်သိန်းလောက်က အဲဒါနဲ့ ငြိနေပါတယ်” ဟု ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် အခက်အခဲဖြစ်နေသည့် အခြေအနေများအား အမြန်ဆုံး ဖြေရှင်းသင့်သည့် အခြေအနေ ရောက်နေရှိပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းက “အခု အခက်အခဲကြုံနေရတဲ့ မြန်မာအလုပ်သမားတွေ ကိစ္စကို အလုပ်သမား ဝန်ကြီးဌာနကရော မြန်မာသံရုံး အလုပ်သမား သံအရာရှိတွေဘက်ကရော သေချာတိကျတဲ့ အဖြေတစ်ခု ဒီရက်ပိုင်းမှာ တင်ပြသင့်တာတွေ တင်ပြပြီး စိတ်ပူနေကြတဲ့ အလုပ်သမားတွေအတွက် သတင်းထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအလုပ်သမားများအား ပြန်အဝင်မခံခြင်း မဟုတ်ကြောင်း၊ ပြန်ဝင်မည်ဆိုပါက လုပ်ရမည့် လုပ်ငန်းစဉ်များ ရှုပ်ထွေးနေသလို ကုန်ကျစရိတ်ပိုင်းတွင်လည်း အခက်အခဲများ ရှိနေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်က DVB Debate အစီအစဉ်တွင် ရှင်းပြခဲ့ကြောင်း သိရသည်။

“အခုက ထိုင်းနိုင်ငံထဲကို ဝင်မယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ ၇၂ နာရီအတွက် ကိုဗစ်ကင်းရှင်းကြောင်း စစ်ချက်နဲ့အတူ ဝင်ခွင့်လျှောက်ထားရတယ်။ အဲဒါရပြီဆိုရင် ထိုင်းကိုလာမယ်ဆိုရင် လေယာဉ်နဲ့ဆိုရင် အပူချိန်တိုင်းတာတွေဘာတွေ လုပ်တယ်။ ဝင်ခွင့်စစ်ဆေးတယ်။ ပြီးရင် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း သွားလာခဲ့တဲ့ နေရာတွေ ခရီးသွား ရာဇဝင်စစ်တယ်။ ပြီးတဲ့အခါမှာ ဖုန်းထဲကို Tracking ပေါ့နော်။ ထိုင်းနိုင်ငံထဲကို ဘယ်လိုသွားမလဲ ဘယ်လိုလာမလဲ ဆိုတာတွေ စစ်တယ်။ ပြီးရင် အရေးကြီးတာက Quarantine ကိုသက်ဆိုင်ရာ နယ်မြေမှာရှိတဲ့ ဟိုတယ်မှာ ၁၄ ရက် ဝင်ရတယ်။ အလုပ်သမားဆိုရင် Border Gate ကပဲလာလာ ဘယ်သူကသွားကြိုမယ် ဘယ်လိုသွားမယ်ဆိုတာ လုပ်ရတယ်။ မဲဆောက်ကနေဆို ဘန်ကောက်အထိ ကားနဲ့သွားမယ်ဆိုရင် ကားကို လမ်းမှာလုံးဝ မရပ်ရဘူး။ ပြီးတော့လမ်းတလျှောက် Video Recording ထားရတယ်။ အဲဒါတွေအကုန် ပြန်တင်ပြရတယ်။ ဘန်ကောက်ရောက်ပြီ ဆိုရင်လည်း Quarantine ဝင်ပြီဆိုရင် ပထမ သုံးရက်ကနေ ငါးရက်အတွင်း တစ်ကြိမ်စစ်တယ်၊ နောက်တစ်ကြိမ် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း တစ်ကြိမ်ထပ်စစ်ပါတယ်။ ပြီးတော့မှ Pass ဖြစ်ပြီဆိုမှ ခွင့်ပြုတာပါ” ဟု မြန်မာအလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ငါးသန်းခန့်၊ ထိုင်းနိုင်ငံတွင် သုံးသန်းခန့်ရှိကြောင်း ကမ္ဘာ့ဘဏ်က တွက်ချက်ထားကြောင်း သိရသည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၁၈ ခုနှစ်တွင် ပြည်ပသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများထံမှ ပြန်ပို့ငွေ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈ ဘီလျံခန့် ရှိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK