Top News

COVID-19 Case-185 အမျိုးသား၏ မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၁၁ ဦးနှင့် ထိုင်းမှ ပြန်လာသည့် လုပ်သား ၁၃၄ Negative အဖြေထွက်
24htopnews | November 30, 2024 2:12 PM CST

COVID-19 Case-185 အမျိုးသား၏ မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၁၁ ဦးနှင့် ထိုင်းမှ ပြန်လာသည့် လုပ်သား ၁၃၄ Negative အဖြေထွက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဌာနသို့ ပေးပို့စစ်ဆေးရာတွင် COVID-19 Case-185 အမျိုးသား၏ မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၁၁ ဦးနှင့် ထိုင်းမှပြန်လာသည့် လုပ်သား ၁၃၄ ဦး၏ နမူနာများကို ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“Simple (နမူနာ) ကလေ ၁၄၄ ယောက်ကတော့ ပြန်ရပြီအဖြေက၊ တစ်ခုကတော့ မရသေးဘူး။ error တက်နေလို့။ အဲဒါပြန်ပြီး လုပ်ရမယ်ပေါ့နော်။ ပြန်ပြီးလုပ်မယ်ဆိုတာက swab (ဓာတ်ခွဲစစ်ဆေးမည့် လည်ချောင်းနှင့် နှာခေါင်းတို့ဖတ် နမူနာ) ပြန်ပို့စရာတော့မလိုဘူး။ သူတို့ဟာ သူတို့လက်ကျန်နဲ ့ပြန်လုပ်မယ်။ ဒီညပါရင်ပါမယ်၊ ဒါမှမဟုတ် မနက်ပေါ့နော်။ အဖြေကတော့ မနက်ပါနိုင်တယ်။ Positive တွေ့တဲ့ မလေးရှားပြန်နဲ့ ပတ်သက်ပြီး Quarantine ထားတဲ့ closed contact ၁၁ ယောက်ရှိတယ်။ မိသားစုဝင်တွေအပြင် သူ့သားရဲ့ ရည်းစားပါတယ်။ ကျန်တဲ့သူတွေတော့ မပါဘူး။ ရည်းစားရဲ့ သူငယ်ချင်းတွေကိုတော့ Home Stay ပဲနေပေါ့နော်။ ဒီဘက်က အဖြေကိုကြည့်ပြီး ဆက်လုပ်စရာရှိတာ လုပ်မယ်ပေါ့။ အခုက မိသားစုဝင်တွေနဲ့ ထိတွေ့မှုရှိတဲ့ ၁၁ ယောက်ပါပဲ။ ၁၁ ယောက်စလုံး Negative ပဲ” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရသူ ဒေါက်တာထွေးမြစိုးက ပြောကြားသည်။

ဓာတ်ခွဲနမူနာ တစ်ခုမှာ ဓာတ်ခွဲနည်းစနစ် အခက်အခဲ ကြုံတွေ့ရသဖြင့် အဖြေထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထားဝယ်ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်၌ ထားရှိကုသမှု ပေးနေသည့် အသက် ၄၆ နှစ်အရွယ် Case-185 အမျိုးသားမှာ အနံ့ခံအာရုံ ပျောက်ဆုံးနေသည်မှလွဲ၍ ဖျားနာခြင်းနှင့် အခြားလက္ခဏာများပြသခြင်း မရှိဘဲ အခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။

ထို့ပြင် Case-185 နှင့်အတူ မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် ဝင်ရောက်လာပြီး ရန်ကုန်လေဆိပ်မှ ထားဝယ်မြို့သို ့ရောက်လာသူ ၂၁ ဦးကို သွားရောက်ကြိုဆိုခဲ့သည့် ကားသမား နှစ်ဦးအား Quarantine ထားရှိ ထားသည့်အပြင် ထားဝယ်မြို့သို့ ရောက်ရှိစဉ် ရွှေဝယ်သီရိ အားကစားကွင်းနှင့် ထားဝယ်တက္ကသိုလ် ရွှေဝယ်ထိပ်ထား အဆောင်၌ သွားရောက်ကြိုဆိုကာ လိုအပ်သည်များ စီစဉ်လုပ်ဆောင် ပေးခဲ့သူများကိုလည်း closed contacts အဖြစ် စာရင်းကောက်ယူနေပြီး ဓာတ်ခွဲနမူနာများရယူကာ စစ်ဆေးသွားရန်ရှိကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“Case-185 နဲ ့ထိတွေ့တဲ့ ကွင်းဆက်တွေကိုတော့ Swab ယူဖို့လုပ်နေတယ်။ လက်ရှိစာရင်းကို လိုက်နေတုန်းပဲ။ ရန်ကုန်မှာ သွားကြိုတာ ကားသမားနဲ့ စပယ်ရာပဲပါတယ်လေ။ ဒီမှာကျတော့ သူတို့ရောက်တဲ့ အခါကျတော့ သူတို့နဲ ့ထိတွေ့တဲ့ ကွင်းဆက်လေးတွေကိုတော့ လိုက်နေတယ်။ Sawb တော့ယူမယ်၊ Quarantine ကတော့ လိုအပ်ရင်ဝင်ရမယ်။ အဓိက Swab ကိုအရင်ယူရမယ်။ Swab ယူပြီးမှပဲ အဖြေသိမယ်” ဟု ခရိုင်အဆင့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ (ထားဝယ်ခရိုင်) ဥက္ကဋ္ဌဖြစ်သူ ထားဝယ်ခရို်င် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံမှ သိရသည်။

ရွှေဝယ်သီရိ အားကစားရင်ပြင်၌ ထားရှိထားသည့် ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဝင်ရောက်လာသော နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် Negative အဖြေထွက်ရှိခဲ့သူ ၁၀၀ ခန့်ကို မေ ၂၁ ရက် နံနက်ပိုင်းတွင် တပ်မတော် မော်တော်ယာဉ်များဖြင့် မွန်ပြည်နယ် မော်လမြိုင် ဘူတာကြီးသို ့ပို့ဆောင်သွားရန် စီစဉ်ထားပြီး ယင်းမှတဆင့် မီးရထားဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဖြေထွက်ပေါ်ခြင်း မရှိသေးသည့် တစ်ဦးကိုလည်း စောင့်ကြည့်နေပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အဖြေအပေါ် မူတည်ကာ နေရပ် (သို့မဟုတ်) ထားဝယ်ပြည်သူ ့ဆေးရုံကြီးထံ တင်ပို့သွားမည်ဟု ဦးအောင်စိုးမိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်၌ အကြောင်းအမျိုးမျိုးဖြင့် အချုပ်ကျခံနေရသည့် မြန်မာနိုင်ငံအနှံ့မှ ရွှေ့ပြောင်း အလုပ်သမားများအနက် ပထမအသုတ်အဖြစ် အမျိုးသား ၁၅၈ ဦးနှင့်အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၁၇၈ ဦးမှာ ကော့သောင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို ့မေလ ၁၅ ရက်နေ့က ပြန်လည် ဝင်ရောက်လာခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရွှေ ့ပြောင်းအလုပ်သမားများ ၉၀ ကျော်ခန့်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်း၌ ခေတ္တထားရှိခဲ့ခြင်း ဖြစ်သည်။

မေ ၁၂ ရက်က မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၂၁ ဦးစလုံးအား ထားဝယ်တက္ကသိုလ်ဝင်း အတွင်းရှိ ရွှေဝယ်ထိပ်ထား အဆောင်၌ သီးသန့်ထားရှိပြီး အဆိုပါ ၂၁ ဦးစလုံးကို COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရှိမရှိ Swab နမူနာများ ရယူစစ်ဆေးခဲ့ရာ၌ လက်ရှိ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည့် Case-185 အမျိုးသားတစ်ဦးမှလွဲ၍ ကျန်ရှိသည့် ၂၀ ဦးစလုံးတွင် ရောဂါပိုး ကူးစက်ခံရမှု မရှိကြောင်း အဖြေထွက်ပေါ်ခဲ့သည်ဟု သိရသည်။


READ NEXT
Cancel OK