Top News

ပြန်လည်ဖွင့်လှစ်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းနှင့် မညီညွတ်ပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်ခြင်းနှင့် တတိယအကြိမ်တွင် ကာလအကန့်အသတ် တစ်ခုအထိ ပိတ်သိမ်းမည်
24htopnews | November 30, 2024 2:12 PM CST

ပြန်လည်ဖွင့်လှစ်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှုမရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်ခြင်းနှင့် တတိယအကြိမ် လိုက်နာမှုမရှိပါက ကာလအကန့်အသတ် တစ်ခုအထိ ပိတ်သိမ်းမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာထားသည်။

လူစုလူဝေးဖြင့် သွားလာနေထိုင် စားသောက်ခြင်းများသည် COVID-19 ရောဂါကူးစက်မှုကို ပိုမိုခံရနိုင်ဖွယ် ရှိသည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း ရောဂါကူးစက် ပြန့်ပွားမှုကို ဖြစ်စေသော အန္တရာယ် အများဆုံး ဖြစ်စေနိုင်သည့် နေရာများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များ၏ ဆင်ခြင်တုံတရားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှူထောင့်များမှ ဘက်ပေါင်းစုံစဉ်းစားကာ ယာယီ၊ ခေတ္တပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှု အခြေအနေများကို တင်ပြသွားရန် အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် နေပြည်တော်ကောင်စီ အပါအဝင် အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များမှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက်သာ ဖွင့်လှစ်ရောင်းချရန် ခွင့်ပြုခဲ့ခြင်းကြောင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေသော ဝန်ထမ်းများ၊ စားသောက်ဆိုင်များအပေါ် မှီခိုရောင်းချရသော အခြေခံလူတန်းစား စျေးသည်များ၏ စားဝတ်နေရေး ခက်ခဲသလို ကန့်သတ်ပိတ်ဆို့မှု ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများ၏ စည်းကမ်းလိုက်နာမှု လျော့ရဲလာသည်ကို စိစစ်တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုနည်းစေပြီး စိတ်သက်သာမှုရနိုင်ရေး COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် Stay at Home အစီအစဉ်တွင် ပါဝင်ကြောင်း ဆက်လက် သတ်မှတ်ထားသည့် မြို့နယ်များမှလွဲပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ ကျန်မြို့နယ်များတွင် နေထိုင်သော ပြည်သူများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာနိုင်ပါက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်အား ခွင့်ပြုပေးသွားရန် ကြေညာချက်တွင် ဖော်ပြထားသည်။

သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် ဆိုင်ရှင်နှင့် ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းချက်များတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်အဝင်းတွင် Hand Gel၊ လက်ဆေးကန်များ ထားရှိပေးရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှိ စားပွဲများတွင် ဆိုင်ထိုင်စားသောက်မည့် လူတစ်ဦးနှင့် တစ်ဦးကြား အကွာအဝေး၊ လူတစ်ဦးနှင့် တစ်ဦးကြား ကာရံထားရမည့် Partition အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားရှိရန်၊ အစားအသောက် ရောင်းချ၊ ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူများ အားလုံး Face Shield နှင့် Mask တပ်ဆင်ထားရန်၊ COVID-19 ရောဂါလက္ခဏာ မပြသူများတွင်လည်း ရောဂါပိုး ကူးစက်ခံရမှုရှိနိုင်သည်ကို တွေ့ရှိလာပြီဖြစ်သည့်အတွက် အစားအသောက် ချက်ပြုတ်ပြင်ဆင် ဝန်ဆောင်မှုပေးသူများ အားလုံး လိုအပ်သော စစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ ဆိုင်အဝင်၊ ဆိုင်အတွင်းတို့ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး သတိပေးနှိုးဆော်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များအား ကပ်ထား၊ စိုက်ထူရန်၊ Face Shield နှင့် Mask တပ်ဆင်လာခြင်း မရှိသော စားသုံးသူများအား ဆိုင်အဝင်ဝတွင် Face Shield နှင့် Mask များ ဝယ်ယူနိုင်ရေး၊ စျေးနှုန်း အမှန်အတိုင်း ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်စေရန် ကြေညာချက်တွင် ဖော်ပြထားသည်။

စားသုံးသူများ လိုက်နာရန် စည်းကမ်းချက်များ အနေဖြင့် Face Shield နှင့် Mask တပ်ဆင်လာကြရန်၊ စားသုံးသူများ အနေဖြင့် ဆိုင်ထိုင်စားသောက်ချိန်၌ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရန် ကြေညာချက်အရ သိရသည်။

စည်းကမ်းချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် သတ်မှတ် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပထမအကြိမ် မလိုက်နာပါက သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ်ငွေချမှတ်ခြင်း၊ တတိယအကြိမ် မလိုက်နာပါက ကာလအကန့်အသတ် တစ်ခုအထိ ပိတ်သိမ်းသွားရန်နှင့် သတ်မှတ် စည်းကမ်းအတိုင်း လိုက်နာပြင်ဆင် ဆောင်ရွက်ပြီးကြောင်း တင်ပြလာပါက စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှုမရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး ဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းနှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် အချိန် ၁၀ ရက်ခန့် ပေးသွားရန် ပြင်ဆင်ပြီးစီးမှုများအား စစ်ဆေး၍ ကျေနပ်မှုရှိမှသာ ဖွင့်လှစ်ခွင့်ပြုသွားရန် ကြေညာချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK