Top News

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ကွင်းဆက်တရားခံများကို ထိမ်ချန်ခဲ့သူများအား အရေးယူနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူနှင့် လက်ကားဖြန့်သူများမှာ တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် အခြေချ နေထိုင်ခြင်းကြောင့် ကွင်းဆက်ဖော်ထုတ်ရာ၌ အခက်အခဲများရှိဟု ပြည်ထဲရေးဒုတိယဝန်ကြီး
24htopnews | November 30, 2024 2:12 PM CST

မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိမ်ချန်ခဲ့သော တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူနှင့် လက်ကားဖြန့်ဖြူးသူများသည် တိုင်းရင်းသား လက်နက်ကိုင်များတွင် အခြေချ နေထိုင်ခြင်းများကြောင့် ကွင်းဆက်ဖော်ထုတ်ရာ၌ ခက်ခဲမှုများရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောကြားသည်။

မေ ၁၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း မေးမြန်းသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုတွင် ကွင်းဆက်တရားခံများကို ထိရောက်စွာ အရေးယူဖော်ထုတ်ပြီး မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိသော အကျိုးအမြတ်ဖြင့် ဝယ်ယူထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို သေချာစွာ စိစစ်၍ သိမ်းဆည်းပေးရန်နှင့် ပြစ်မှုကျူးလွန်သူ ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ရှိ ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအား လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးထုတ်လုပ်သူ၊ လက်ကားဖြန့်ဖြူးသူ၊ သယ်ဆောင်သူနှင့် လက်လီ ရောင်းချသူတို့မှာလည်း များသောအားဖြင့် အကန့်စနစ်ဖြင့် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက် ဆက်သွယ်မှု မပြုကြဘဲ ကြားခံများထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် ကွင်းဆက်တရားခံများပါ တစ်ဦးနဲ့တစ်ဦး ကိုယ်ရေးအချက်အလက်များကို အမှန်မသိရှိကြခြင်း၊ ကွင်းဆက်တရားခံအချို့ရဲ့ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး ထုတ်လုပ်သူနှင့် လက်ကားဖြန့်ဖြူးသူများသည် တိုင်းရင်းသား လက်နက်ကိုင်များ အခြေပြုတဲ့ နယ်မြေလုံခြုံရေး ကောင်းမွန်မှု မရှိသော ဒေသများတွင် အခြေချနေထိုင်ခြင်းတို့ကြောင့် ကွင်းဆက်ဖော် ထုတ်ရာမှာ ခက်ခဲမှုများရှိကြောင်းလည်း တွေ့ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဧပြီ ၃၀ ရက်အထိ အရေးယူ ဆောင်ရွက်နိုင်ခဲ့သည့် အမှုပေါင်း ၁၇၉၇၉ မှုရှိပြီး တရားခံပေါင်း ၂၅၀၀၀ ဦး ကျော် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ ထုတ်လုပ်ခြင်းများသည် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ အများဆုံး သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်တွက် မူးယစ်ဆေးဝါး ရောင်းဝယ်သူ အများစုသည် ကွင်းဆက်ဖြတ်ထားသည့် အကန့်စနစ်ဖြင့် လျှို့ဝှက်သိုသိပ်စွာ ဆောင်ရွက်ကြခြင်း၊ ငွေကြေးနှင့် နည်းပညာ အထောက်အကူများကို ရယူပြီး စနစ်တကျ ဂိုဏ်းဖွဲ့၍ ကျူးလွန်ကြသည်ကို တွေ့ရှိရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်မှုများ စစ်ကြောဖော်ထုတ်ရာ၌ မူးယစ်ကွင်းဆက် တရားခံများ၏ တယ်လီဖုန်းများမှ အခြေခံ၍ ဆက်လက်စုံစမ်း ဖော်ထုတ်ရာတွင် နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို လိုက်နာရသဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၅ နှင့်အညီ သက်ဆိုင်ရာ တယ်လီဖုန်း အော်ပရေတာများထံမှ ထုတ်ရာတွင် အချိန်ကြန့်ကြာမှုများလည်း ရှိတတ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ဝန်ကြီးက “မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ငွေပေးချေမှုအပိုင်း၌ အွန်လိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် တရားမဝင် ငွေလွှဲလုပ်ငန်းများဖြင့် ပေးချေဆောင်ရွက်ကြခြင်း၊ ဘဏ်များမှ ငွေကြေး လွှဲပြောင်းမှုများကို စိစစ်ရာတွင်လည်း ငွေ ကြေးလွှဲပြောင်းမှု မှတ်တမ်းများ ထုတ်ယူရရှိ ရေးအတွက် အချိန်ယူဆောင်ရွက်ရခြင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံများကို လူ့အခွင့်အရေးကို အလေးထား၍ စစ်ကြောဖော်ထုတ် ရခြင်းတို့ကြောင့် ကွင်းဆက်တရားခံများ ဖော်ထုတ်ရာတွင် အားနည်းရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် ပါဝင်ပတ်သက်သော ကွင်းဆက်တရားခံများအား ဖော်ထုတ်ရေးကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီး ရရှိရေးအတွက် အမှုအခြေအနေများကို လျှို့ဝှက်ထားရပြီး ကွင်းဆက်တရားခံများ လွတ်မြောက်မှု မရှိစေရေးအတွက် ဖမ်းဆီးရမိမှု အခြေပေါ်မှု အခြေအနေပေါ်မူတည်၍ သတင်းထုတ်ပြန်ရခြင်းများကြောင့် ဖြစ်စဉ်များကို အများပြည်သူ သိရှိမှု အားနည်းရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် မူးယစ်ကျူးလွန်သူ ကွင်းဆက်တရားခံများကို ရည်ရွယ်ချက်ရှိရှိ အရေးမယူဘဲ ထိမ်ချန်သော စုံစမ်းစစ်ဆေး ပြုလုပ်ပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်များက ပြုလုပ်ပါက ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများ၊ အခြားတည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်နိုင်သည့်အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါးအမှုများ အရေးယူဆောင်ရွက်ရာတွင် သာမန်ရဲလုပ်ငန်း အားနည်းခြင်းကြောင့် တရားရုံးများတွင် အမှုမှလွတ်ခြင်းများ ဖြစ်ပေါ်လာပါက တာဝန်ရှိတဲ့ တရားလိုအမှုစစ်နဲ့ သက်သေတပ်ဖွဲ့ဝင်များကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ သို့ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ဝယ်ယူထားရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပတ်သက်၍ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK