Top News

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် ချန်နိုင်း-ရန်ကုန် ခရီးစဉ်နှင့် ဂါယာ-ရန်ကုန် ကယ်ဆယ်ရေးလေကြောင်း ခရီးစဉ်များ ပျံသန်းမည်
24htopnews | November 30, 2024 2:12 PM CST

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် ချန်နိုင်း-ရန်ကုန် ခရီးစဉ်နှင့် ဂါယာ-ရန်ကုန် ကယ်ဆယ်ရေးလေကြောင်းခရီးစဉ်များ ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း အနေဖြင့် ၂၀၂၀ ပြည့်နှစ် မေ ၂၄ ရက်တွင် ချန်နိုင်း -ရန်ကုန် ခရီးစဉ်အားလည်းကောင်း၊ မေ ၂၇ ရက်တွင် ဂါယာ-ရန်ကုန်ခရီးစဉ်အားလည်းကောင်း ပျံသန်းကာ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမည် ဖြစ်သည်။

ယင်းအပြင် နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့်  အိန္ဒိယနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၉၅ ဦးအား မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မေ ၁၉ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက စင်ကာပူနိုင်ငံသို့ပျံသန်းသည့် စတုတ္တအကြိမ် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်၌ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခံထားရသူများအပါအဝင် မြန်မာနိုင်ငံသား ၁၄၄ ဦး လိုက်ပါလာခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စင်ကာပူရောက် မြန်မာ ၅၇၇ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၁၄၄ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် စတုတ္တအကြိမ်အဖြစ် မေ ၁၆ ရက်က ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး  ပြန်လည်လွတ်မြောက်လာသူများ၊ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများအပါအဝင် စုစုပေါင်း ၁၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များ ပျံသန်းခဲ့ရာ ပထမအကြိမ်အဖြစ် မေ ၇ ရက် တွင် ၁၄၄ ဦး၊ မေ ၉ ရက်တွင် ၁၄၄ ဦး၊ မေ ၁၃ ရက်တွင် ၁၄၅ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ စတုတ္တအကြိမ်အပါအဝင် စင်ကာပူရောက်မြန်မာ စုစုပေါင်း ၅၇၇ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များတွင် စင်ကာပူနိုင်ငံမှ ပြန်လာမည့် ခရီးသည်ဦးရေ တစ်ထောင်ကျော်ရှိပြီး မေ ၁၆ ရက်အထိ စုစုပေါင်း ၅၇၇ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် မေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင် လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာယီရပ်ဆိုင်းချက်အား ပြန်လည်သုံးသပ်ပြီးနောက် ကူးစက်မြန် COVID-19 ရောဂါ မြန်မာနိုင်ငံတွင်း ကူးစက်ပြန့်ပွားမှု အစောပိုင်းအဆင့်ကို ပိုမိုထိရောက်သော ပြင်ဆင်မှုများ၊ တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြင့် ထိရောက်စွာထိန်းချုပ်နိုင်ရန် အချိန်ပိုမိုရရှိစေရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆိုပါယာယီရပ်ဆိုင်းချက်အား ၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ခြင်းအား ထပ်မံ၍ မေ ၃၀ ရက်အထိ သက်တမ်းတိုးခဲ့ ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK