Top News

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က စင်ကာပူနိုင်ငံတွင် အသွားအလာကန့်သတ်နေထိုင်ရသော မြန်မာနိုင်ငံသား ၈၀၀ ကျော်အတွက် အစားအစာနှင့် အခြေခံထောက်ပံ့မှုများပံ့ပိုးပေး
24htopnews | November 30, 2024 2:12 PM CST

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က စင်ကာပူနိုင်ငံတွင် အသွားအလာ ကန့်သတ်နေထိုင်ရာသော မြန်မာနိုင်ငံသား ၈၀၀ ကျော်အတွက် အစားအစာနှင့် အခြေခံထောက်ပံ့မှုများကို ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် စင်ကာပူနိုင်ငံတွင် နေထိုင်လျက်ရှိသည့် MSCT PTELTD မှ ဦးဇော်အောင်၏ ပူးပေါင်းကူညီမှုဖြင့် လက်ရှိဖြစ်ပွားနေသာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်လွယ် ကပ်ရောဂါကြောင့် စင်ကာပူနိုင်ငံတွင်ပိတ်မိနေပြီး အသွားအလာ ကန့်သတ်နေထိုင်နေရသော အဆောင်အသီးသီးရှိ မြန်မာနိုင်ငံသား ၈၀၀ ကျော်အတွက် ကူညီထောက်ပ့ံမှုများကို မေလကုန်အထိ အသုံးပြုနိုင်ရန် ပံ့ပိုးလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ MAI နှင့် MSCT PTELTD မှ ဦးဇော်အောင်၏ ပူးပေါင်းကူညီမှုဖြင့် လို အပ်နေသူများအတွက် အခြေခံထောက်ပံ့မှုများကို ပံ့ပိုးကူညီပေးရုံသာမက ၎င်းတို့နေ ထိုင်ရာနေရာများသို့ တစ်နေ့လျှင် အစားအစာ ၄၅၀ ခန့်အား ပြင်ဆင်ပေးပို့ခြင်းဖြင့် ကူညီထောက်ပံ့မှုများကို အနီးကပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ပြည်ပရောက် မြန်မာများအတွက် အခမဲ့ ကူညီကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်းနေရာ ဘန်ကောက်၊ ဒါကာ၊ ကွာလာလမ်ပူနှင့် ဂါယာမြို့များမှ မြန်မာလူမျိုး သံဃာနှင့် လူပုဂ္ဂိုလ် ၅၀၀ ကျော်အား အခမဲ့ ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် အခမဲ့ ကူညီကယ်ဆယ်ရေး ခရီးစဉ်များ ပျံသန်းခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း MAI လေကြောင်းလိုင်းအနေဖြင့် ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းနှင့် ငွေကျပ်သိန်းပေါင်း ခြောက်ထောင်ကျော် အကုန်ကျခံကာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင် လူကုန်ကူးခြင်းခံခဲ့ရပြီး အဓမ္မကျွန်ပြုခံခဲ့ရသော မြန်မာလုပ်သား ဒုက္ခသည်များ၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာလုပ်သားဒုက္ခသည်များအပါအဝင် စုစုပေါင်း လူဦးရေခြောက်ထောင်ကျော်ကို အခမဲ့ ခေါ်ယူပေးခဲ့သည်။

၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်တွင်လည်း MAI လေကြောင်းလိုင်းသည် Airbus 320 လေယာဉ်ဖြင့် ပြည်တွင်းပြည်ပခရီးစဉ် ၂၄ ကြိမ်နှင့် Air KBZ လေကြောင်းလိုင်းမှလည်း ပြည်တွင်းခရီးစဉ် အခေါက်ရေ ၄၉ ကြိမ်ဖြင့် အလှူပစ္စည်းများကို အခမဲ့ပျံသန်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

MAI၊ Air KBZ၊ ကမ္ဘောဇဘဏ်၊ KBZ MS General Insurance နှင့် KBZ Life တို့သည် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ၂၀၂၀ ပြည့်နှစ် မေ ၇ ရက် အထိ ငွေကျပ်သိန်းပေါင်း ၃၃၉၁၄ ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK