Top News

NLD အစိုးရလက်ထက် ယခင်ဘဏ္ဍာနှစ် လေးနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၆၃၆၅ ဘီလျံ တောင်းခံခဲ့သော်လည်း သုံးစွဲနိုင်မှုမရှိသဖြင့် ပြန်အပ်ရမှုမှာ တောင်းခံငွေထက် ပိုများနေပြီး စုစုပေါင်း ကျပ်ဘီလျံ ၇၆၄၀ ကျော် ပြန်အပ်
24htopnews | November 30, 2024 2:12 PM CST

လက်ရှိဘဏ္ဍာနှစ်အတွက် ကျပ်ဘီလျံ ၂၆၆၀ ကျော်ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံမှုအပြင် NLD အစိုးရလက်ထက် ယခင်ဘဏ္ဍာနှစ် လေးနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၆၃၆၅ ဘီလျံတောင်းခံခဲ့မှု၌ သုံးစွဲနိုင်မှု မရှိသဖြင့် ပြန်အပ်ရမှုမှာ တောင်းခံငွေထက် ပိုမိုများပြားနေပြီး ကျပ်ဘီလျံ ၇၆၄၀ ကျော် ပြန်လည်အပ်နှံထားကြောင်း သိရသည်။

ဘတ်ဂျက်လိုငွေများ အများအပြား ဖြစ်ပေါ်နေသော်လည်း စိစစ်ဖြတ်တောက်နိုင်မှု အားနည်းသည့် မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ်စဉ် ဖြည့်စွက်ဘတ်ဂျက်များ အများအပြား တောင်းခံခဲ့မှု ဖြစ်ပေါ်နေသည်။ ထိုသို့ တောင်းခံနေသည့် ဖြည့်စွက်ခွင့်ပြုငွေများမှာ အမှန်တကယ်သုံးစွဲနိုင်မှု မရှိဘဲ တောင်းခံသည့် ငွေများထက် ပိုမိုများပြားစွာ ပြန်လည်အပ်နှံရမှု ဖြစ်ပေါ်နေပြီး NLD အစိုးရ၏ ပထမနှစ်ဖြစ်သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၂၈၄ ဘီလျံ တောင်းခံခဲ့ရာ ပြန်လည်အပ်နှံမှုမှာ ကျပ် ၁၇၅၁ ဘီလျံ ကျော်ရှိကာ အပ်နှံငွေမှ ပြန်လည်သုံးစွဲမှုမှာ ကျပ် ၆၄ ဘီလျံကျော် ရှိခဲ့သဖြင့် အသားတင် အပ်နှံငွေ ကျပ် ၁၆၈၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ် (၃/၂၀၂၀) အရ သိရသည်။

NLD အစိုးရ၏ ဒုတိယနှစ်ဖြစ်သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ခွင့် ပြုငွေ ကျပ် ၂၄၇၄ ဘီလျံ တောင်းခံခဲ့ပြီး ပြန် လည်အပ်နှံမှုမှာ ကျပ် ၂၅၁၄ ဘီလျံကျော်ရှိ ကာ အပ်နှံငွေမှ ပြန်လည်သုံးစွဲမှု ကျပ် ၂၄၆ ဘီလျံကျော် ရှိခဲ့သဖြင့် အသားတင်အပ်နှံငွေ ကျပ် ၂၂၆၇ ဘီလျံကျော်ဖြစ်ပေါ်ခဲ့သည်။ ထို့ ပြင် ဘဏ္ဍာနှစ် ပြောင်းလဲမှု စတင်ခဲ့သည့် ၂၀၁၈ ခြောက်လ ဘဏ္ဍာနှစ်တိုကာလတွင် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့မှု မရှိသော်လည်း အဆိုပါ ဘဏ္ဍာနှစ်အတွက် တောင်းခံခဲ့သည့် ဘတ်ဂျက်များကို အမှန်တကယ် သုံးစွဲနိုင်မှု မရှိသဖြင့် ကျပ် ၁၂၀၄ ဘီလျံကျော် ပြန်လည်အပ်နှံခဲ့ပြီး အပ်နှံငွေမှ ပြန်လည်သုံးစွဲခွင့်ပြုမှု ကျပ် ၂၈၉ ဘီလျံကျော် ရှိနေသဖြင့် အသားတင်အပ်နှံမှု ကျပ် ၉၁၅ ဘီလျံ ကျော်ဖြစ်ပေါ်ခဲ့သည်။

NLD အစိုးရ၏ စတုတ္တနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယာယီစာရင်းအရ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၆၀၇ ဘီလျံ တောင်းခံခဲ့ပြီး ပြန်လည်အပ်နှံမှု ကျပ် ၂၁၇၁ ဘီလျံကျော်ရှိကာ အပ်နှံငွေမှ ပြန်လည်သုံး စွဲခွင့်ပြုမှု ကျပ် ၁၂၅ ဘီလျံကျော် ရှိခဲ့သဖြင့် အသားတင် အပ်နှံငွေမှာ ကျပ် ၂၀၄၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

NLD အစိုးရလက်ထက် နောက်ဆုံးနှစ်နှင့် ပဥ္စမသက်တမ်းဖြစ်ကာ ရွေးကောက်ပွဲရှိနေသည့် ယခုဘဏ္ဍာနှစ်တွင် ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု အများဆုံးနှစ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂၆၆၀ ဘီလျံကျော် တောင်းခံခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အ စည်းများ၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံထားမှုမှာ သာမန်အသုံးစရိတ်တွင် ငွေကျပ် ၂၁၀၀ ဒသမ ၄၇၆ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ငွေကျပ် ၄၂၁ ဒသမ ၄၇၈ ဘီလျံ၊ ကြွေးမြီအသုံးစရိတ်တွင် ငွေကျပ် ၈၈ ဒသမ ၈၅၈ ဘီလျံ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သောဌာန၊ အဖွဲ့အစည်းများ၏ ထပ်မံတိုးမြှင့် သုံးစွဲငွေမှာ ငွေကျပ် ၅၀ ဒသမ ၁၇၅ ဘီလျံဖြစ်ပြီး စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ ကျပ် ၂၆၆၀ ဒသမ ၉၈၇ ဘီလျံဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားထားသည်။

အဆိုပါ ဌာနများ၊ အဖွဲ့အစည်းများက တင်ပြလာသည့် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဦးစွာစိစစ်ခဲ့ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ အနေဖြင့်လည်း ထပ်မံစိစစ်ပြီးချိန်တွင် လိုငွေနှင့် ဂျီဒီပီ အချိုးသည် ၅ ဒသမ ၅၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် တောင်းခံခဲ့သည့် ဖြည့်စွက်ခွင့်ပြုငွေကိုပါ ထည့်သွင်း၍ တွက်ချက်မည်ဆိုပါက NLD အစိုးရအနေဖြင့် ဘဏ္ဍာနှစ်ငါးနှစ်အတွင်း ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၉၀၂၅ ဘီလျံအထိ တောင်းခံထား ခြင်းဖြစ်ကာ ပြန်အပ်နှံငွေမှာ ကျပ် ၇၆၄၀ ဘီလျံကျော်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဖြည့် စွက်ခွင့်ပြုငွေ တောင်းခံခဲ့မှုမရှိသော်လည်း အမှန်တကယ်သုံးစွဲနိုင်မှု မရှိ၍ ကျပ် ၁၂၀၄ ဘီလျံကျော် ပြန်အပ်နှံခဲ့သည့် ၂၀၁၈ ဘဏ္ဍာ နှစ်တိုကာလကို ထည့်သွင်းတွက်ချက်မှု မရှိပါက NLD အစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ကျပ် ၆၃၆၅ ဘီလျံ တောင်းခံခဲ့ခြင်းဖြစ်ကာ ပြန်အပ်ငွေမှာလည်း အဆိုပါ သုံးနှစ်အတွင်း တောင်းခံမှုထက် ပိုမိုများပြားကာ ကျပ် ၆၄၃၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

ဘတ်ဂျက်များကို အမှန်တကယ် သုံးစွဲနိုင်မှု မရှိဘဲ ဝန်ကြီးဌာနများက များပြားစွာ တောင်းခံနေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ထိရောက်စွာ ဖြတ်တောက်နိုင်မှု အားနည်းချက်ကြောင့် ပြည်သူများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် ငွေဖောင်းပွမှု၊ ကုန်စျေးနှုန်း မြင့်တက်မှုများစွာ ဖြစ်ပေါ်နေရကြောင်း ဝေဖန်မှုများ ရှိနေသည်။ လက်ရှိဘဏ္ဍာနှစ်တွင်လည်း ဖြည့်စွက်ခွင့်ပြုငွေများကို ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း စံချိန်တင်အဖြစ် ကျပ်ဘီလျံ ၂၆၆၀ ကျော် တောင်းခံထားသော်လည်း မိုးတွင်းကာလ ဖြစ်နေသည့်အပြင် သုံးစွဲရန် ကာလမှာလည်း အချိန်လေးလသာ ကျန်ရှိနေသဖြင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအတွက် ကြီးမားသည့် ကန့်သတ်ချက် ရှိနေသည်။ ယင်းဖြည့်စွက်ခွင့်ပြုငွေများကို သုံးစွဲခြင်း မပြုနိုင်၍ ပြန်လည်အပ်နှံရပါက ဌာန၊ အဖွဲ့အစည်းများအတွက် ကြီးလေးသည့် ချို့ယွင်းချက် ဖြစ်သည့်အတွက် မဖြစ်မနေ သုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များကိုသာ တောင်းခံကြရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

 


READ NEXT
Cancel OK