Top News

အစိုးရသက်တမ်း စတုတ္ထတစ်နှစ်တာကာလတွင် ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းတန်ချိန် ၃၄၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
24htopnews | November 30, 2024 2:12 PM CST

အစိုးရသက်တမ်း စတုတ္ထတစ်နှစ်တာကာလ၌ ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းတန်ချိန် ၃၄၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောကြားသည်။

ကချင်ပြည်နယ်၌ နိုင်ငံတော်အစိုးရ၏ စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၏ ဖြေကြားမှုများကို နိုင်ငံပိုင်သတင်းစာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

“သယံဇာတ တူးဖော်ထုတ်လုပ်မှုအနေနဲ့ သံသတ္တုရိုင်း မက်ထရစ်တန် ၃၂၄၂၀၊ ခဲ/ သွပ်သတ္တုမက်ထရစ်တန် ၂၈၅၀၊ မာဘယ်မက်ထရစ်တန် ၁၂၀၀၊ ကြေးနီမက်ထရစ်တန် ၁၁၀၊ ခဲ/ကြေးနီရောရာ မက်ထရစ်တန် ၆၀၀ ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အလားတူ သစ်ထုတ်လုပ်ရရှိမှုအနေနဲ့ သစ်မာ ၈၅၉၂ တန် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှု ၃၄၆၃၈ တန်ကျော်ထုတ် လုပ်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၆၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ဒေါ်လာသန်း  ၄၂၀ ရှိသည်။

“ကျောက်စိမ်းက ဒီဘဏ္ဍာနှစ်အတွင်း တင်ပို့ထားတာက ဒေါ်လာသန်း ၄၂၀ ရှိ တယ်။ ယခင်ကာလတူနဲ့ ယှဉ်ရင်တော့ ဒေါ်လာ ၁၆၂ သန်းပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၁၆၂ သန်း ပိုမိုရရှိထားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲပြုလုပ်မှုများသည့် ကာလများတွင်  ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲ ပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

“အဓိကကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာတာ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင် ရောင်းချမည့်ကျောက် စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်းအခွန် ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

                  

                  


READ NEXT
Cancel OK