Top News

အသင်း၏စွမ်းဆောင်ရည်ကို မခန့်မှန်းနိုင်သေးသည့်အတွက် စိတ်ပင်ပန်းရကြောင်း မန်ယူနည်းပြ အာမိုရင်မ် ဝန်ခံ
24htopnews | November 30, 2024 2:12 PM CST

 

မန်ယူနည်းပြ အာမိုရင်မ်က အသင်း၏စွမ်းဆောင်ရည်ကို မခန့်မှန်းနိုင်သေးသည့်အတွက် စိတ်ပင်ပန်းရကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ရပြီးနောက် အသင်း နည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ ၎င်း၏နေရာတွင် စပို့တင်းလစ္စဘွန်းအသင်းနှင့်အတူ နာမည်ကျော်ကြားလာသည့် လူငယ်နည်းပြ အာမိုရင်မ်ကို အစားထိုးခန့်အပ်ခဲ့သည်။ 

အသက် ၃၉ နှစ်အရွယ် အာမိုရင်မ်သည်  မန်ယူအသင်းကို နိုဝင်ဘာ ၁၁ ရက်တွင်စတင် ကိုင်တွယ်ခဲ့သည်။ ၎င်းသည် မန်ယူနည်းပြဘဝ ပထမဆုံးပွဲတွင် အစ်ဝစ်ချ်အသင်းကို (၁-၁) ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သော်လည်း ဒုတိယမြောက်ပွဲစဉ်တွင် ယူရိုပါလိဂ်၌ နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းကို  (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မန်ယူအသင်းသည် နိုဝင်ဘာ ၂၈ ရက်က အိမ်ကွင်းတွင် ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်၌ ဘိုဒယ်ဂလင့်အသင်းကို ဂါနာချို(၁ မိနစ်)နှင့်  ဟွိုင်လန်း (၄၅ မိနစ်၊ ၅၀ မိနစ်)တို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

သို့သော် မန်ယူနည်းပြ အာမိုရင်မ်က အသင်း၏စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုမရှိဘဲ ခြေစွမ်းပိုင်းတစ်သတ်မတ်တည်း ရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ကျွန်တော်တို့အနေနဲ့ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အလှည့်အပြောင်းနှစ်ခုမှာ နှစ်ဂိုး ပြန်ပေးလိုက်ရတယ်။ အသင်းကစားသမားတွေရဲ့ ကြိုးစားမှုကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ဆီက ဘောလုံးတွေကို လုယူနိုင်ပေမဲ့ ဘောလုံးပေးတဲ့အပိုင်းမှာတော့ အရင်တုန်းကလိုပဲ ပြဿနာတွေ ရှိနေတုန်းပါ။ ဒါပေမဲ့ ကစားသမားတွေ ကြိုးစားခဲ့ကြပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်"ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။ 

ထို့ပြင် အာမိုရင်မ်က မိမိအနေဖြင့် မန်ယူကစားသမားများအကြောင်းကို သေချာမသိသေးကြောင်းနှင့် အသင်း၏စွမ်းဆောင်ရည်ကို မခန့်မှန်းနိုင်သည့်အတွက် စိတ်ပင်ပန်းရကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။ အာမိုရင်မ်က "ပွဲကစားနေစဉ်အတွင်းမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အတွက် ကျွန်တော် စိတ်ပင်ပန်းရပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ဘာကိုမှ မထိန်းချုပ်နိုင်သေးပါဘူး။ အသစ်တွေကို လုပ်နိုင်ဖို့တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ မန်ယူအသင်းမှာ အလုပ်လုပ်တာ သိပ်မကြာသေးလို့ ကစားသမားတွေအကြောင်း ကောင်းကောင်းမသိသေးပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ ပွဲကစားရမယ်ဆိုရင် စိတ်လှုပ်ရှားပါတယ်။ အဲဒီလိုပဲ တစ်ဖက်မှာလည်း အသင်းအနေနဲ့ ကွင်းအတွင်း ဘယ်လိုစွမ်းဆောင်မလဲဆိုတာကို မသိရတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေ၊ အကြောက်တရားတွေလည်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK