အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်မျိုးသားရေးအစည်းအရုံး (KNU) တို့ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့အား ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်ကာ တွေ့ဆုံချိန် နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး NCA လက်မှတ် ရေးထိုးထားသော KNU အတွက် NCA လမ်းကြောင်းသာ အသင့်လျော်ဆုံးဖြစ်၍ အဆိုပါအခြေခံအပေါ်မှ တစိုက်မတ်မတ် ဆက်သွားမည်ဟု KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ကျွန်တော်တို့ကတော့ ပြည်သူလူထုကို ပြောချင်တာကတော့ ကျွန်တော်တို့ NCA လမ်းကြောင်းသာ NCA လက်မှတ်ရေးထိုးထားသော KNU အတွက်ကတော့ အသင့်တော်ဆုံးလမ်းကြောင်းတစ်ခု ဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီအခြေခံကနေ တစိုက်မတ်မတ် ဆက်သွားမယ်။ ဒါပေမဲ့ ဆက်သွားတဲ့နေရာမှာ NCA လမ်းကြောင်းသည် မှန်ကန်ပြီးတော့ တရားမျှတတဲ့လမ်းကြောင်း ဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားသွား မယ်” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းကြောင်း KNU ၏ ကြေညာချက်အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူအားလုံး စိုးရိမ်မှုရှိခဲ့ပြီး ယခု တွေ့ဆုံဆွေးနွေးသည့် အလွတ်သဘောဆွေးနွေးမှုသည် အဆိုပါစိုးရိမ်မှုများကို ဖြေဖျောက်ပေးနိုင်ခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။
ထို့ပြင် နှစ်ဖက်ဆွေးနွေးဖက်များသည် NCA အပေါ် တန်ဖိုးထားပြီး NCA ကြောင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မပျောက်ပျက်စေချင်ကြောင်းနှင့် အဆိုပါလမ်းကြောင်းကိုပင် ပိုမိုခိုင်မာအောင် လုပ်ဆောင်သွား မည်ဟူသော သဘောထား နှစ်ဖက်စလုံးတွင်ရှိကြောင်းနှင့် KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများနှင့် လုပ်ငန်းစဉ်များဆီသို့ အမြန်ဆုံးရောက်ရှိလာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ပင်မဖြစ်သော NCA အား အကောင်အထည်ဖော်ရာတွင် မတူညီသောအဓိပ္ပာယ်ဖွင့်ဆိုမှုများကြောင့် ယခုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့ရခြင်းဖြစ်ပြီး ယင်းကိစ္စအပေါ် မူတည်၍ ရှေ့ဆက် မည်သို့အဖြေရှာ ဆက်သွားကြမည်ဆိုသည်ကို ယခုအလွတ်သဘော တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့ကာ ယခုဆွေးနွေးပွဲသည် အကျိုးရှိပြီး အရာထင်ခဲ့သည်ဟုလည်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားသည်။
“အများကြီး အထောက်အကူပေးပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့အပိုင်းတွေကို အဖြေရှာတဲ့နေရာမှာတော့ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့က အမြန်ဆုံးဖြစ်ချင်ကြတာပဲလေ။ ဆိုတော့ အမြန်ဆုံးရနိုင်အောင်တော့ ကြိုးစားကြတာပေါ့” ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းကြောင်း KNU ၏ ထုတ်ပြန်ချက်ကြောင့် အခိုက်အတန့်အားဖြင့် အခက်အခဲ ကြုံတွေ့ခဲ့ရသော NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST အဖွဲ့ဝင်များထံ ၎င်းတို့၏ KNU အဖွဲ့အတွင်း လိုအပ်သောကြိုတင်ပြင်ဆင်မှုများ ပြီးသွားသည့်အခါ ပြန်လည်အကြောင်းကြား မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောတာဒိုမူးက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
