Top News

သဘောမတူရန် သဘောတူခြင်း
24htopnews | November 30, 2024 4:12 PM CST

သဘောမတူရန် သဘောတူခြင်း (Agreeing to Disagree) ဟူသည့် အင်္ဂလိပ်ဘာသာ စကားမှလာသော စကားရပ်သည် သက်ဆိုင်ရာဘက်များအားလုံးအနေဖြင့်  ပဋိပက္ခတစ်ရပ် (အထူးသဖြင့် ငြင်းခုံမှု သို့မဟုတ် အချင်းများမှုတစ်ရပ်) ၌ ဆန့်ကျင်ဘက် အနေအထားကို လက်မခံသော်လည်း သည်းခံကြရန် ရည်ညွှန်းသည်။ ဘက်များအားလုံးအနေဖြင့် နောက်ထပ် ပဋိပက္ခဖြစ်ပေါ်ခြင်းသည် မလိုလားအပ်ကြောင်း၊ အလုပ်မဖြစ်ကြောင်းနှင့် မလိုအပ်ကြောင်း သိမြင်သဘောပေါက်သည့်အခါ ယင်းအနေအထားဖြစ်ပေါ်သည်။ ဖြေရှင်း၍ မရသော အကြောင်းအရာများနှင့်ပတ်သက်၍ သဘောမတူခြင်း ဆက်လက်ဖြစ်ပေါ်နေစဉ် အခင်အမင်မပျက်သော အနေအထား၌ ဆက်လက်တည်ရှိနိုင်ကြောင်းကို ယင်းစကားရပ်က  ဖော်ပြနေသည်။

Agreeing to Disagree ဟူသည့် စကားရပ်သည် ပုံနှိပ်စာသားအဖြစ် ၁၇၇၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်လာသည်။ ဂျော့ဝှိုက်ဖီးလ်ဒ် ကွယ်လွန်သည့်အခါ ဂျွန်ဝက်စလေက အမှတ်တရစကား ရေးသားရာတွင် ၎င်းတို့နှစ်ဦး အယူဝါဒ ကွာခြားမှုအား ဝန်ခံသော်လည်း ယင်းကိစ္စအား ဘေးချိတ်ထားသည့်သဘောကို ဖော်ပြရာမှ ယင်းစကားရပ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူက “အရေးမပါသည့် သဘောသဘာဝတစ်ရပ်နှင့်ပတ်သက်၍ အယူဝါဒများ များစွာရှိသည်။ ယင်းတို့၌ ကျွန်ုပ်တို့အနေဖြင့် တွေးနိုင် တွေးခွင့်ရှိသည်မှာ ကျွန်ုပ်တို့၌ သဘောမတူရန် သဘောတူခြင်း (Agreeing to Disagree) ရှိနိုင်သည်ဟူ၍ ဖြစ်သည်။ သို့သော် ယင်းအချိန်အတောအတွင်း ကျွနု်ပ်တို့အား အရေးပါသည့် အရာများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားခွင့်ပြုပါ” ဟု ရေးသားခဲ့သည်။

Agreeing to Disagree ဟူသော စကားရပ်ထက် ‘ကွဲပြားခြားနားရန် သဘောတူခြင်း (Agree to Differ) ဟူသည့် စကားရပ်က ဦးစွာပေါ်ထွန်းခဲ့သည်။ ယင်းရာစုအစောပိုင်းတွင် ဂျွန်ပစ်ဂေါ့ဆိုသူက အမှတ်တရစကားတစ်ရပ်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ရန်လိုမှု သို့မဟုတ် ကဲ့ရဲ့ရှုတ်ချမှုမရှိဘဲ ကျွန်ုပ်တို့ အဘယ့်ကြောင့် ကွဲပြားခြားနားရန် သဘောတူခြင်း မရှိသင့်မည်နည်း” ဟု ၎င်းက ၁၇၀၄ ခုနှစ် ဧပြီ ၁၇ ရက်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ စကားလုံးများ ထပ်တူမကျသော်လည်း Agreeing to Disagree နှင့် တစ်သဘောတည်းပင်ဖြစ်သည်။ ယင်းစကားရပ်များနှင့် ဆက်နွှယ်လျက် နိုင်ငံရေးဆိုင်ရာကိစ္စများတွင် တရားဝင်သဘောမဟုတ်သေးသည့် ယာယီသဘောဆောင်သည့် အခင်းအကျင်းများအတွက် ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသော လက်တင်ဘာသာစကားစကား ရပ်တစ်ခုရှိသည်။ ယင်းမှာ Modus Vivendi ဖြစ်သည်။ ယင်းသည်လည်း Agreeing to Disagree နှင့် သဘောချင်း ဆင်တူသည်။

ဂိမ်းသီအိုရီပညာရှင်နှင့် သချင်္ာပညာရှင် ရောဘတ်အူမန်းက အတွေ့အကြုံရှေ့ ဖြစ်နိုင်ခြေ၌ သဘောတူညီကြသော လူနှစ်ဦးအနေဖြင့် အတွေ့အကြုံနောက် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သဘောမတူရန် သဘောတူခြင်းမျိုး မဖြစ်နိုင်ဟု အဆိုပြုခဲ့သည်။ “ဖြစ်နိုင်ဖွယ် ရလဒ်များအား ကြိုတင်ခန့်မှန်းခြင်းနှင့်ပတ်သက်၍ သီအိုရီသည် ရလဒ်များနှင့် ပတ်သက်သော ဦးစားပေးမှု သို့မဟုတ် တန်ဖိုးအား အကဲဖြတ်ချက်အပေါ် မည်သည့် အဆိုပြုချက်ကိုမျှ မပေး” ဟု အဓိပ္ပာယ်ရသည်။ စီးပွားရေးပညာရှင် ဖရန့်ဂျေဖာဘော့ဇီ က “ရင်းနှီးမြှုပ်နှံသူများအတွက် သဘောမတူရန် သဘောတူခြင်းမှာ ကျိုးကြောင်းဆီလျော် မှုမရှိ။ ၎င်းတို့၌ ကွဲပြားခြားနားချက်ရှိလျှင်ပင် ၎င်းတို့အနေဖြင့် သဘောတူညီမှုဆီသို့ သွားရမည်”  ဟု အဆိုပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံသူအနေဖြင့် ၎င်းတို့သည် စျေးကွက်ထက် ပို၍စမတ်ကျသည်ဟု တွေးပါက ၎င်းတို့၏ အရည်အချင်း (ဆင်ခြင်နိုင်စွမ်း) အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုလွန်ကဲခြင်းသည် သဘောမတူရန် သဘောတူခြင်းဆီသို့ ဦးတည်သွားနိုင်သည်ဟု ဖာဘော့ဇီက ချပြခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းရာတွင် သဘောမတူရန် သဘောတူခြင်း သဘောထားမျိုးသည် လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)


READ NEXT
Cancel OK