Top News

နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲတွင် တန်ဖိုးကျပ် ၄၈ ဘီလျံကျော် ရောင်းချခဲ့ရ
24htopnews | November 30, 2024 4:12 PM CST

နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များ ရောင်းချပွဲတွင် တန်ဖိုးကျပ်သန်းပေါင်း ၄၈၀၀၀ ကျော်(၄၈ ဘီလျံကျော်) ရောင်းချခဲ့ရကြောင်း ကျောက်မျက်လုပ်ငန်း ကော်မတီနှင့် ကျောက်စိမ်းလုပ်ငန်း ကော်မတီတို့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောက်မျက်ရိုင်းများ ရောင်းချမှုတွင် တန်ဖိုးကျပ် ၇၉၄ ဒသမ ၉၀ သန်းနှင့် ကျောက်စိမ်းအသား ကျောက်များ ရောင်းချရမှုတွင် တန်ဖိုးကျပ် ၄၈၂၉၈ ဒသမ ၄၉ သန်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ကျောက်အမျိုးအစားအလိုက်ပဲ ကျွန်တော်တင်ပြသွားပါမယ်။ ကျောက်မျက်အတွဲ အားလုံးပေါင်း စုစုပေါင်း ၉၆ တွဲတင်ပြပါ တယ်။ ၉၆ တွဲတင်ပြတဲ့အခါမှာ စုစုပေါင်းအ တွဲ ၅၀ ရောင်းရပါတယ်။ ရောင်းရတဲ့ တန်ဖိုး ကတော့ ၇၉၄ ဒသမ ၉၀ သန်း ဖြစ်ပါတယ်။ ဒီပွဲကတော့ အားလုံးသိပါတယ်။ ကျပ်ငွေနဲ့ ရောင်းချတယ်။ ပြည်တွင်းကုန်သည်တွေ၊ ကျွန်တော်တို့ မန္တလေးတို့၊ စစ်ကိုင်းတို့၊ မိုး ကုတ်တို့မှာရှိတဲ့ တပိုင်တနိုင်နဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်ငယ်တွေ ရှိပါတယ်။ အဲဒီအတွက် ကုန်ကြမ်းရရှိဖို့ ရည်ရွယ်ပြီး တော့ ကျပ်ငွေနဲ့ပဲ ရောင်းချတဲ့ပွဲ ဖြစ်ပါတယ်” ဟု စီမံရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲသည် ပြည်တွင်းကုန်သည်များနှင့် လုပ်ငန်းရှင်များအတွက် ရောင်းချပေးသောပွဲဖြစ်ပြီး ပြည်တွင်းကုမ္ပဏီ၊ အရောင်းဆိုင် ၄၈၉ ခုနှင့် ပြည်တွင်းရတနာ ကုန်သည် ၁၄၉၃ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဦးသန်းဇော်ဦးက “ကျောက်စိမ်းအနေနဲ့တော့ ကျွန်တော်တို့ နေ့အလိုက်တော့ မတင်ပြတော့ပါဘူး။ စုစုပေါင်း အနေနဲ့ ၃၃၃၉ တွဲ တင်ပြပါတယ်။ တင်ပြတဲ့အခါမှာ ၃၁၈၅ တွဲ၊ တန်ဖိုးအားဖြင့်တော့ ကျွန်တော်တို့က သန်းပေါင်း ၄၈၂၉၈ ဒဿမ ၄၉ သန်းရရှိပါကြောင်း တင်ပြလိုပါတယ်” ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် တန်ဖိုးအမြင့်ဆုံးအဖြစ် ပြသခဲ့သည့် အလေးချိန် ၁၂ ဒသမ ၃၅ ကာရက်ရှိပြီး တန်ဖိုးသိန်း ၂၅၀၀ ရှိ ပတ္တမြားအရိုင်းသည် ရောင်းချခဲ့ရခြင်း မရှိဘဲ ကျောက်မျက်အရိုင်း ရောင်းချရမှုတွင်  တန်ဖိုးအမြင့်ဆုံးအဖြစ် ကျပ် ၁၄၂၇ သိန်းဖြင့် ပြောင်ခေါင်းစိမ်းတစ်တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအသား ကျောက်များတွင် တန်ဖိုးငွေ သိန်း ၃၂၀၀ အမြင့်ဆုံးအဖြစ် ရောင်းချခဲ့ရကြောင်း သိရသည်။

“အဓိက ကျွန်တော်တို့ ရည်ရွယ်တာကတော့ ပြည်တွင်းမှာ အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင် အသေးစားလုပ်ငန်းရှင် SME တွေအတွက်ကို အဓိကကုန်ကြမ်းရအောင်လို့ ပြည်တွင်းပွဲလုပ်ပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာ အချောထည်လုပ်ငန်းတွေ ထုတ်လုပ်လာနိုင်မယ်။ နောက်ပြီးတော့ နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်။ ဒါအတွက် ရည်ရွယ်ပြီးတော့ ပြည်တွင်းပွဲကို လုပ်ပေးတာပါ” ဟု ကျောက်စိမ်းလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးကျော်ဦးလွင်က ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲများတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ပြုလုပ်သည့်ရောင်းချပွဲတွင် ကျပ် ၂၂၂၁၇ ဒသမ ၇၄ သန်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီက ပြုလုပ်သည့် ရောင်းချပွဲတွင် ကျပ် ၇၇၈၃၉ ဒသမ ၆၃ သန်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာက ပြုလုပ်သည့် ရောင်းချပွဲ တွင် ကျပ် ၁၂၈၇၆၃ ဒသမ ၇၄ သန်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ပြုလုပ်သည့် ရောင်းချပွဲတွင် ကျပ် ၈၀၈၄၁ ဒဿမ ၈၅ သန်းနှင့် ၂၀၁၇ ခုနှစ် မတ်လက ပြုလုပ်သည့် ရောင်းချပွဲတွင် ကျပ် ၆၁၉၁၅ ဒသမ ၂၁ သန်း ရောင်းချခဲ့ရကြောင်း သိရသည်။ 

 


READ NEXT
Cancel OK