Top News

တိုင်းအစိုးရအနေဖြင့် စက်မှုဇုန်အသစ်များ ထပ်မံ ဖော်ဆောင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအတွက် မြေယာပြဿနာကို တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ဟု ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ပြောကြား
24htopnews | November 30, 2024 6:12 PM CST

တိုင်းအစိုးရအနေဖြင့် စက်မှုဇုန်အသစ်များ ထပ်မံ ဖော်ဆောင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများအတွက် မြေယာပြဿနာကို တာဝန်ယူ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“အစိုးရက စက်မှုဇုန် ၁၁ ဇုန် ထပ်မံ ဖော်ဆောင်ရင် အဲဒီမှာရော မြေယာပြဿနာတွေ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ စက်မှုဇုန် ဆိုတာက စက်မှုဇုန်ကို ဖော်ထုတ်လိုက်တိုင်း၊ အဲဒီနယ်မြေဒေသက ဖွံ့ဖြိုးတိုးတက်သွားတာ မဟုတ်ဘူး။ စက်မှုဇုန် ဖော်ထုတ်ရတာက လွယ်ကူတယ်။ ဒါပေမဲ့ စက်မှုဇုန်ကြီးအပေါ်မှာ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အစိုးရ တာဝန်ခံ ဖြေရှင်းပေးမှာလား။ ဖြေရှင်းပေးမှု မရှိဘူးဆိုရင်တော့ ဘယ်ရင်းနှီးမြှုပ်နှံမှုမှ စက်ရုံ တည်ဆောက်မှာ မဟုတ်ဘူး။ အခု အသစ်ထပ်မံ ဖော်ထုတ်မယ့်နေရာတွေက Logistic အရ တွက်ခြေကိုက်မှု ရှိရဲ့လားဆိုတာကို စီးပွားရေးလုပ်တဲ့သူတိုင်း နားလည်ပါတယ်။ အိုးအိမ်ကနေ ဖော်ထုတ်ခဲ့တဲ့ စက်မှုဇုန် ၁၆ ဇုန်အပြင် ကိုယ်ပိုင်စက်မှုဇုန် အသေးလေးတွေ အများကြီးပေါ်နေတာပဲ။ အဲဒီစက်မှုဇုန်တွေ ဘယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလို့လဲ။ ဖွံ့ဖြိုးတိုးတက်မှု ရှိနေတာကို မတွေ့ရပါဘူး။ အနည်းအကျဉ်း စက်ရုံတွေ လာဆောက်တာပဲ ရှိတယ်။ ၁၀ နှစ်ကျော်လောက် ရှိပြီဖြစ်တဲ့ စက်မှုဇုန်တွေမှာတောင် မြေကွက်အလွတ်တွေ အများကြီး ကျန်နေသေးတယ်”ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက နိုဝင်ဘာ ၂၀ ရက်တွင် မှော်ဘီမြို့နယ်ရှိ မြောင်းတကာ စက်မှုဇုန်ကို လေ့လာခဲ့ကြောင်း၊ ထိုကဲ့သို့ လေ့လာရာတွင် စက်မှုဇုန်အတွင်း မြေယာ အငြင်းပွားမှုများ၊ ကျူးကျော် ပြဿနာများ၊ လျှပ်စစ်မီးရရှိရေး ပြဿနာများဖြင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိခဲ့ရကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က စီမံထားပြီးသား ပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီစက်မှုဇုန် ဖော်ထုတ်မယ် ဧက  ၁၀၀၀ စီ။ ဒီမှော်ဘီမှာလည်း ဧက ၁၀၀၀ လုပ်ထားပြီးသား။ မြောင်းတကာစက်မှုဇုန် ရောက်လာတယ်။ ဧက ၇၀၀ လောက်ရှိတဲ့ နေရာမှာ စက်မှုဇုန်ကို ၂၀၀၆ ခုနှစ်လောက်က တည်ခဲ့တယ်။ သံမဏိသံရည်ကျို စက်မှုဇုန်ကြီး။ သံနိုင်မှ စက်မှုနိုင်မှာ။ မြောင်းတကာစက်မှုဇုန်က အခြေခံကျတယ်။ ဒီစက်မှုဇုန်တောင်မှ လုပ်ငန်းရှင်တွေက ကျူးကျော်ပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ မြေပိုင်ဆိုင်မှုတွေ အငြင်းပွားနေတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ လာတယ်။ ဒါတွေကြည့်ပြီး စိတ်ဓာတ်တွေ ကျသွားတယ်”ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အစိုးရအနေဖြင့် လက်ရှိရှိနေသည့် စက်မှုဇုန်ကို တိုးတက်အောင် ပြုလုပ်ရန်နှင့် မြေယာပြဿနာများကို ဖြေရှင်းပြီးမှ စက်မှုဇုန်အသစ် ဖော်ဆောင်ရန် ဆောင်ရွက်သင့်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်းမှ တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာ သံရည်ကျိုစက်ရုံက မြောင်းတကာမှာပဲ ရှိတာ။ အဲဒီအတွက် လေးဧက ဝယ်ထားတယ်။ ၂၀၀၈ မှာ သိန်း ၂၈၀၀ နဲ့ ဝယ်ယူခဲ့တာ ဖြစ်တယ်။ ဒီမြေဝယ်ပြီးရင် ဘာလုပ်ရမယ်ဆိုတာ အဆင့်အလိုက် ရှိပြီးသား၊ အစိုးရဌာနကနေ ဝယ်ထားဖြစ်တယ်။ ဝယ်တဲ့အခါ စက်ရုံဆောက်တဲ့အခါ ဆောက်လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျူးကိစ္စကြောင့် ဖြစ်တယ်။ သူတို့က မဖယ်ပေးနိုင်ဘူး။ ကြိုက်တဲ့သူလာခဲ့၊ သတ်မယ်ဆိုတဲ့အထိ ခြိမ်းခြောက်တယ်။ နိုင်ငံခြားသားတွေ ခေါ်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတယ်။ စက်ရုံ မဆောက်နိုင်တဲ့အတွက် ကုန်ကြမ်းလည်း မထည့်နိုင်ဘူး။ ကုန်ချောလည်း မထုတ်နိုင်ဘူး ဖြစ်နေတယ်” ဟု မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် မြေဝယ်ယူထားသည့် ထိုင်ဖုကုမ္ပဏီမှ ဒေါ်ဝင်းအိထွန်းက ပြောကြားသည်။  

 


READ NEXT
Cancel OK