Top News

ဗဟိုအာဖရိကတွင် အငတ်ဘေး ကြုံနိုင်ဟု ကုလသမဂ္ဂ သတိပေး
24htopnews | November 30, 2024 8:12 PM CST

အကြမ်းဖက်မှု ထူပြောနေသော ဗဟို အာဖရိကသမ္မတနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဆိုးရွားနေပြီး ယင်းအခြေအနေကို ပြောင်းလဲရန် မဆောင်ရွက်နိုင်ပါက အငတ်ဘေးနှင့် ကြုံလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။ 

လူဦးရေ ၄.၅ သန်းရှိသော ဗဟိုအာဖရိကနိုင်ငံတွင် အကြမ်းဖက် ပဋိပက္ခကြောင့်  လူအမြောက်အမြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး စားနပ်ရိက္ခာ အကျပ်အတည်း ပို၍ ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုအေဂျင်စီ OCHA ၏ ဌာနေကိုယ်စားလှယ် နာဂျက်ရိုခတီက ဂျီနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ နိုင်ငံ၏ အခြေအနေသည် မပြောင်းလဲဘဲ ရှိနေခဲ့လျှင် စိုက်ပျိုးရေးလုပ်ငန်းခွင်သို့ လူများ ပြန်လာကြမည် မဟုတ်သောကြောင့် လာမည့်နှစ် အနည်းငယ်အတွင်း အငတ်ဘေး ကြုံလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ခရစ်ယာန်သမ္မတဖြစ်သော ဖရန်ဆွာ ဘိုဇီဇီကို မွတ်စလင် ဆီလီကာသူပုန်တို့က  ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချခဲ့ပြီးနောက် ခရစ်ယာန် ပြည်သူ့စစ်တို့၏ လက်တုံ့ပြန် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကာ နိုင်ငံလူဦးရေ၏ လေးပုံ တစ်ပုံနီးပါးသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူထောင်နှင့်ချီ သေဆုံးခဲ့ရသည်။ 

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လူနှစ်သန်းနီးပါး အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေပြီး လေးနှစ်အတွင်း အဆိုးဆုံး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ယခုလ အစောပိုင်းတွင် သတိပေးခဲ့သည်။ လူဦးရေ၏ ၆၃ ရာခိုင်နှုန်း ဖြစ်သော ၂.၉ သန်းခန့်သည် စားနပ်ရိက္ခာနှင့် အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ OCHA က နိုဝင်ဘာ ၂၁ ရက်တွင် စာရင်းအင်းများ ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် သုံးပတ်အတွင်းမှာပင် ဗဟို အာဖရိကမြောက်ပိုင်း ဘာတန်ဂါဖိုမြို့နှင့် အလယ်ပိုင်း အာလင်ဒါမြို့တို့တွင် အကြမ်းဖက်မှုများကြောင့် လူ ၅၀၀၀၀ ကျော် ထွက်ပြေးခဲ့ရကြောင်း OCHA က ပြောကြားခဲ့သည်။ ကမ္ဘာတွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗဟို အာဖရိကသမ္မတနိုင်ငံတွင် ယူရေနီယံနှင့် စိန်ကြွယ်ဝပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ခရစ်ယာန်များ ဖြစ်ကြသည်။

ခရစ်ယာန်တို့က နယ်မြေခံ ပြည်သူ့စစ်များ ဖွဲ့ထားကာ ဆီလီကာ မွတ်စလင်သူပုန်တို့ကို တိုက်ခိုက်နေကြခြင်း ဖြစ်သည့် ဆိုးရွားသော အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် အစိုးရ၊ သူပုန်နှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတို့က ပူးပေါင်း ဆောင်ရွက်ပေးကြရန် OCHA ၏ ဌာနေ ကိုယ်စားလှယ် နာဂျက်ရိုခရီက တောင်းဆိုခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်က ခရစ်ယာန်ပြည်သူ့စစ်များနှင့် မွတ်စလင် ပြည်သူ့စစ်တို့သည် အလယ်ပိုင်း အာလင်ဒါမြို့၌ ပဋိပက္ခဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူ ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ဗဟို အာဖရိကအစိုးရသည် နိုင်ငံ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကုလသမဂ္ဂသည် အာဖရိက ငြိမ်းချမ်းရေးမစ်ရှင် MINUSCA တစ်စိတ်တစ်ပိုင်းအဖြစ် ဗဟိုအာဖရိကတွင် တပ်ဖွဲ့ဝင် ၁၂၅၀၀ တပ်ဖြန့်ထားသည်။


READ NEXT
Cancel OK