Top News

နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀၄၂ ဦးကို တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်း
24htopnews | November 30, 2024 10:12 PM CST

နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများအား စိစစ်ဖော်ထုတ်ပြီး လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့(နိုဝင်ဘာ ၂၀ ရက်)တွင် တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးအား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများဆောင်ရွက်ပြီး တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ထပ်မံလွှဲ ပြောင်းပေးအပ်မှုအခြေအနေမျာနှင့်ပတ်သက်၍ “နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ထပ်မံလွှဲပြောင်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံသား ကျား ၉၈၂ ဦး၊ မ ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ စုစုပေါင်း အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးကို လွှဲပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်”ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက် လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိခြင်းများကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှု များ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ် လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ပြင် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော် ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း နစကမှ ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK