Top News

ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သြဝါဒါစရိယ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက စည်ရှင်ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် အန္တိမအဂ္ဂိစျာပနပူဇာ ကျင်းပမည်
24htopnews | November 30, 2024 10:12 PM CST

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ မဟာဝိသုဒ္ဓါရုံတိုက်သစ်စည်ရှင်ကျောင်း၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ဆရာတော်ဘုရာကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၃၃ မိနစ်အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

စည်ရှင်ဆရာတော်ဘုရားကြီးသည် သက်တော် ၈၅ နှစ်၊ သိက္ခာတော် ၆၆ ၀ါတွင် ဘဝနတ်ထံပျံလွန်တော်မူခြင်းဖြစ်သည်။ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သီတင်းသုံးတော်မူရာ မဟာဝိသုဒ္ဓါရုံတိုက်သစ်စည်ရှင်ကျောင်း၊ ရွှေဘုန်းပွင့် ကျောင်းဆောင်တော်မှ အောင်မြေသာစည် အလယ်တိုက်ကြီးပေါ်သို့ ပင့်ဆောင်၍ စံကျောင်းတော်၌ ဥတုဇရုပ်ကလာပ်တော်အား ပူဇော်ထားရှိကြောင်း သိရသည်။

စျာပနအစည်းအဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ဘုရားကြီးနှင့် ပါမောက္ခချုပ်ဆရာတော်တို့က ဓမ္မပူဇာသဘင် ဆင်ယင်ကျင်းပ ဟောကြားတော်မူမည်ဖြစ်သည်။

ထို့ပြင် အစည်းအဝေးဆုံးဖြတ်ချက်အရ သီတဂူဆရာတော်ဘုရာကြီးက ရေစက်ချသံ ဝေဂကထာ ချီးမြှင့်ပေးမည်လည်းဖြစ်သည်။

စျာပနကျင်းပရေးကော်မတီသည် စည်ရှင်ဆရာတော်ဘုရာကြီး၏ ဆန္ဒအရ သံဃာတော်များနှင့် သီလရှင်များထံမှ လှူဒါန်းမှုများအား လက်ခံမည်မဟုတ်ကြောင်း၊ အန္တိမအဂ္ဂိစျာပနပူဇာကို ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ကမ်းနားလမ်းရှိ ဧရာဦးဆိပ်ကမ်း၊ စျာပနကွင်းတွင် နိုဝင်ဘာ ၂၃ ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စည်ရှင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသလောင်းလျာကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုမ္မနိုး (ဆင်ကျွန်း) ရွာတွင် ခမည်းတော် ဦးအောင်ကျော်၊ မယ်တော်ဒေါ်သိန်းမိတို့မှ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ဖွားမြင်ခဲ့သည်။

ဆရာတော်လောင်းလျာကို အသက် ၁၂ နှစ်အရွယ်တွင် မိဘနှစ်ပါးက ပဗ္ဗဇ္ဇမင်္ဂလာ ဆင်ယင်ကျင်းပ၍ ဘုမ္မနိုး (ဆင်ကျွန်း) ရွာ တောင်ကျောင်းဆရာတော် ဦးသောဘိတထံ ရှင်သာမဏေအဖြစ် ချီးမြှောက်ပေးခဲ့သည်။

ဆရာတော်လောင်းလျာသည် အစိုးရပထမငယ်တန်းနှင့် ပထမလတ်တန်းတို့ကို သက်တော် ၁၇ နှစ်နှင့် ၁၈ နှစ်တို့တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ပြီး ရဟန်းဘဝသိက္ခာ နှစ်ဝါအရတွင် ပထမကြီးတန်းကို ပါဠိဘာသာဖြင့် ဖြေဆိုအောင်မြင်တော်မူခဲ့သည်။

ဆရာတော်သည် သကျသီဟစာသင်တန်း၊ အစိုးရစာချတန်း ကျမ်းရင်းသုံးကျမ်း၊ အစိုးရဓမ္မာစရိယ ပါဠိပါရဂူတန်း၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယတန်းတို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပြီး အစိုးရဓမ္မာစရိယ ကျမ်းရင်းသုံးကျမ်း ဖြေဆိုရာတွင် တစ်နှစ်တည်း သုံးကျမ်းစွဲ အမှတ်အများဆုံးဖြင့် အောင်မြင်တော်မူသဖြင့် ရန်ကုန်မြို့ မြန်မာပြည် ဗုဒ္ဓဘာသာ ပုညကုသလ (B.B.M.A) အသင်း၏ စာတိုက်ဗီရိုနှင့် စာအုပ်ဆုအား ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဆရာတော်သည် နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသည့် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တို့အား လက်ခံရရှိတော်မူခဲ့ပြီး ဝီသတိမအကြိမ် ကျင်းပပြုလုပ်သော ရွှေကျင်နိကာယသံဃာ့အ စည်းအဝေးကြီး၌ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယကဘွဲ့တံဆိပ်တော်၊ အဘိဓဇမ ဟာရဋ္ဌဘွဲ့တံဆိပ်တော်များကိုလည်း ခံယူရရှိတော်မူခဲ့သည်။

၁၃၄၂ ခုနှစ်မှစ၍ ဂိုးပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီး ပေါ်ပေါက်လာရာ ဆရာတော်ဘုရားကြီးသည် ပထမ ငါးနှစ်သက်တမ်းတွင် ၀ိနည်းဓိုရ်အဖြစ်လည်းကောင်း၊ ဒုတိယငါး နှစ်သက်တမ်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်အဖွဲ့ဝင်နှင့် နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ တတိယငါးနှစ်သက်တမ်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင်နှင့် ပညာရေးဗဟိုအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ စတုတ္ထငါးနှစ်သက်တမ်းတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့သည်။


READ NEXT
Cancel OK