ဘဏ်များတွင် ကျပ်သန်း တစ်ရာထက်ကျော်လွန် ထုတ်ယူသည့် ပမာဏများအား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU) ထံ ပေးပို့ရကြောင်းနှင့် ငွေထုတ်များနေသူများကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ်စောင့်ကြည်ကာ စျေးကစားမှုတွင် ပါဝင်ပတ်သက်ပါက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။
နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် ဘဏ်များမှ ပိုက်ဆံများ အလုအယက်ထုတ်ယူအောင် ကောလဟလများထုတ်ပြီး ရွှေနှင့် ဒေါ်လာစျေးကို ဆွဲတင်နေသူများအား ထိထိရောက်ရောက် အရေးယူရန် အစီအစဉ် ရှိပါသလားဆိုသည့် မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က အထက်ပါ အတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ ဘဏ်တွေမှာတော့ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေကြေး ကျပ်သန်းတစ်ရာထက် ကျော်လွန်ပြီးတော့ ထုတ်ယူတဲ့ပမာဏအားလုံးကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU)ထံကို ပေးပို့ရပါတယ်။ အခု ငွေထုတ်များနေတဲ့လူတွေအားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့ကနေပြီးတော့ အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်ပြီးတော့မှ စျေးကစားမှုများမှာ ပါဝင်ပတ်သက်နေလို့ရှိရင် ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဘဏ်တွေထံက ပြည်သူတွေ ငွေထုတ်ယူဖို့ပေါ့၊ လှုံ့ဆော် ရေးသား၊ ဝါဒဖြန့်နေတဲ့လူတွေအားလုံးကို ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဖော်ထုတ်အရေးယူပြီးတော့မှ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဒေါက်တာလင်းအောင်က ပြောကြားသည်။
ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှု လျော့ချပြီး ဒစ်ဂျစ်တယ်ပေးချေမှုများ တိုးတက်စေရန်အတွက် အီလက်ထ ရောနစ်ကတ်များ၊ ဘဏ်များ၏ မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များ အသုံးပြုပြီး စရိတ်စကသက်သာစွာဖြင့် ငွေပေးချေမှု ပြုလုပ်နိုင်ရန် လည်ပတ်လျက် ရှိကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
လက်တလောအခြေအနေများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်များတွင် အများပြည်သူ ငွေသားထုတ်ယူမှု အပေါ် ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား ဆိုသည့် မေးမြန်းမှုကို “ လုံးဝမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အပ်နှံငွေတွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက်ကိုလည်း ဘဏ်တွေက ဆောင်ရွက်ပေးချက် ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း ပြည်သူတွေက အပ်နှံထားတဲ့ငွေတွေ အဆင်ပြေပြေ ထုတ်ယူနိုင်ရေးအတွက်ကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်” ဟု ဒေါက်တာလင်းအောင်က ပြန်လည်ဖြေကြားသည်။
ကောလဟလနှင့် ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောက်ယှက်နေသော လှုံ့ဆော်မှုများကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်၍ လိုက်ပါရန်မလိုအပ်ပဲ ပုံမှန်အတိုင်းသာ မိမိတို့၏ ဘဏ်စနစ်နှင့် ငွေပေးချေမှုများကို ဆက်လက်သုံးစွဲရန် လိုအပ်ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
ဒေါက်တာလင်းအောင်က “ ဘဏ်စနစ် ခိုင်မာယုံကြည်မှု ရှိဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီး တော့ ဆုံးရှုံးနိုင်ခြေတွေကို အခြေခံပြီးတော့ စောင့်ကြပ်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့ အပ်နှံငွေ တွေ ဆုံးရှုံးမှု မရှိနိုင်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝ အာမခံကြောင်းလည်း ထပ်လောင်းပြောကြားလိုပါတယ်။ ဘဏ်များနဲ့ ဗဟိုဘဏ်ထံမှာ ငွေသား အလုံအလောက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်က ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှု ပေးတဲ့စနစ်ပေါ့၊ Core Banking ဝန်ဆောင်မှုကို အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှုဟာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ ရပ်တန့်သွားမယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ ဒီအပ်ငွေ တွေ ထုတ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်သွားမှာ မဟုတ်ဘဲနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ မည်သည့်ဘဏ်ခွဲမှာ မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ရယူနိုင်ပြီးတော့မှ မိမိအပ်နှံထားတဲ့ အပ်ငွေအမျိုးအစားအလိုက်ကို ငွေသား ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဘဏ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင်မဆို မိမိ၏ ငွေသာဖြစ်ပြီး ယင်းငွေများသည် ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင်အမည် အတိအကျဖြင့် ရှိနေကာ ဗဟိုဘဏ်၏ တာဝန်ယူမှုနှင့် အကာအကွယ်ပေးမှု အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်ပူပန်ပြီး ငွေများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြ တိုက်ခြင်းများ ခံရနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်သည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါက်တာ လင်းအောင်က ပြောကြားသည်။
ထို့ပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများ လိုအပ်သည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းကြောင့် အိမ်ခြံမြေစျေး၊ ရွှေစျေး၊ ငွေစျေးကစားသူများ၏ လှည့်ကွက်တွင် ပါဝင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူလူထုသာ အခက်အခဲ ဒုက္ခရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုများကို ပျက်ပြားစေနိုင်မည်ဖြစ်ကြောင်းနှင့် ယခင်က ဘဏ်များထံမှ မိမိငွေများကို ရာခိုင်နှုန်း တစ်ရပ်ပေး၍ လဲလှယ်ရယူခြင်းများကိုလည်း ပြန်လည်ဖိတ်ခေါ်နေသလို ဖြစ်လာနိုင်ကြောင်းလည်း ဒေါက်တာလင်းအောင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
