Top News

ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုနှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲ ကျင်းပ
24htopnews | November 30, 2024 10:12 PM CST

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစုနှင့် စေတနာရှင်  ကျေးရွာသူ ကျေးရွာသားများ၏ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းကပ် အလှူတော်ပွဲကို နိုဝင်ဘာ ၁၉ ရက်က စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလဆန်း  ၇ ရက်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံ ဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group မိသားစု၏ မတည်လှူဒါန်းမှုဖြင့် ကျေးရွာသူကျေးရွာသားများ ပူးပေါင်းပါဝင်သည့် ကထိန်အလှူပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group ၏ ကထိန်အလှူတော်ကို သကြားဟင်းအိုးကျေးရွာနှင့် ရွာနီးချုပ်စပ်မှ ပင့်သံဃာ ၄၀ ပါး ကြွရောက်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့သည်။

Eleven Media Group ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းလှူဒါန်းသည့် ကထိန်လှူဒါန်းဖွယ်ရာ ဝတ္ထုပစ္စည်းများကိုလည်း ပင့်သံဃာတော် ၄၀ ပါးက အလှူခံတော်မူခဲ့ကြောင်း သိရသည်။

ကြွရောက်လာသည့် သံဃာတော်များအား အာရုံဆွမ်းနေ့ဆွမ်းနှင့် အချိုပွဲ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွာနီးချုပ်စပ်မှ လာရောက်ကြသည့် ဧည့်ပရိသတ်များကိုလည်း စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သကြားဟင်းအိုးကျေးရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီအဆောက်အအုံကို ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် Eleven Media Group နှင့် မိတ်ဆွေဆရာဝန်များအဖွဲ့က ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်တွင်လည်း မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် Eleven Media Group နှင့် စေတနာရှင် ကျေးရွာသူ ကျေးရွာသားများ၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်းကပ်အလှူတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်းချောင်းရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းတွင် သံဃာတော်များနှင့်ကျေးရွာနေပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ထပ်မံကြုံတွေ့လာရပါက လေမိုးလုံစွာ နေထိုင်နိုင်ရန် ရည်ရွယ်ပြီး ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ သံကူကွန်ကရစ်ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်းထားခြင်းဖြစ်သည်။

ထို့ပြင် Eleven Media Group က ကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တော်အပါအဝင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် သိမ်တော်တစ်ဆောင်ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။


READ NEXT
Cancel OK