Top News

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော လုံခြုံရေးဆိုင်ရာကိစ္စများက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အတားအဆီးဖြစ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
24htopnews | December 1, 2024 3:12 AM CST

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လုံခြုံရေးဆိုင်ရာကိစ္စများက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အတားအဆီးဖြစ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် မေ ၆ ရက်နှင့် ၇ ရက်အထိ ပြုလုပ်လျက်ရှိပြီး မေ ၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သိကြတဲ့အတိုင်းပဲ အခုရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မတူညီတဲ့ လုံခြုံရေးကိစ္စအသစ် ဒါကလည်း အကောင်အထည်ဖော်မှုကို အတားအဆီးဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရန်အတွက် နောက်ထပ်လိုအပ်သော အရေးပါသည့်အချက်တစ်ခုမှာ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုရှိရေးဖြစ်ပြီး တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်းတွင် ပါဝင်သော အချက်သုံးချက်အနက် ပထမဦးဆုံး အချက်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“သမိုင်းကြောင်းအရတော့ လက်ရှိအချိန် ရခိုင်ပြည်နယ်ကို ကြည့်လို့ရှိရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးရဖို့က အရေးအကြီးဆုံးအချက်ပါ။ ပထမဆုံးလုပ်ရမယ့် အချက်ပါ။ ဘယ်လိုအောင်မြင်မှုမျိုးမဆို ရချင်တယ်ဆိုရင် အဲဒီကိစ္စက အရင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် အခြေခံဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရရှိရေးအတွက် ကြိုးစားရန် လိုအပ်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ပဲဖြစ်ဖြစ် နေရပ်စွန့်ခွာသူတွေ မူ ရင်းနေရာ ပြန်သွားဖို့ပဲဖြစ်ဖြစ် အန္တရာယ် မဖြစ်အောင် တားဆီးနိုင်ဖို့ပဲဖြစ်ဖြစ် ဒါက လိုအပ်မှာဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည် နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးကို ရရှိဖို့ အတွက် စဉ်ဆက်မပြတ် ကြိုးစားတာဖြစ်ပါ တယ်}} ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

အစိုးရသစ် စတင်တာဝန်ယူသည့် အချိန်တွင် ရေရှည်ပဋိပက္ခ ကင်းဝေးရေးသည် အဓိကအချက်ဖြစ်ကြောင်း၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးဆိုသည်မှာ ပဋိပက္ခဖြစ်ပွားနေသော အခြေအနေများတွင် အကြောင်းရင်းမှန်များကို ဖော်ထုတ်ပြီးမှသာ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ စနစ်တကျ ဆောင်ရွက်နိုင်မည်ဟု ယူဆသောကြောင့် ကိုဖီအာ နန်ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါကော်မရှင်မှ အကြံပြုချက်များ ထွက်ပေါ်လာကြောင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းမီဒီယာများကို ရှင်းပြသည်။

“အဲဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ အစိုးရက ဆောင်ရွက်တာပေါ့။ အစိုးရဆောင်ရွက်တော့ အကြံပြုချက်တွေ အထဲမှာ တကယ်ပဲ ရခိုင်ဒေသအတွက် အကျိုးရှိမယ့်ကိစ္စတွေ၊ နောက်ပြီးတော့ နိုင်ငံအတွက် အကျိုးဖြစ်မယ့်ကိစ္စတွေ ဒါတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်ခဲ့တယ်ပေါ့။ အဲဒီလို အကောင်အထည်ဖော်ခဲ့တာ တစ်နှစ်ခွဲလောက်ရှိသွားပြီပေါ့။ ရခိုင်ပြည်ကိစ္စနဲ့ပတ်သက်လို့ တကယ်တမ်းဆိုရင် ဒီကော်မရှင် မပေါ်ခင်ကတည်းက အစိုးရအဖွဲ့ ဖွဲ့ပြီးပြီး ချင်းမှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့၊ ရေရှည်ပဋိပက္ခကင်းဝေးဖို့ဆိုတဲ့ဟာကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ဗဟိုကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အာနန်ကော်မရှင်၏ အကြံပြုချက်များတွင် ရခိုင်ဒေသအတွက် အမှန်တကယ်လိုအပ်သော အကြံပြုချက်များလည်း ပါဝင်နေပြီး အဆိုပါအကြံပြုချက်များကို အကောင်အထည်ဖော်နေသည့်ကြားမှပင် ပဋိပက္ခများ လည်းရှိနေကြောင်း၊ သို့သော်လည်း အကောင်အထည်ဖော်မှုများ ဆက်လက်ရှိနေခဲ့ပြီး အစိုးရအဖွဲ့၏ အကောင်အထည်ဖော်မှုများ မည်မျှအကျိုးရှိသည်ဆိုသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

 

 


READ NEXT
Cancel OK