စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးရေး လူအင်အား ၁၀၀ ကျော်က မုံရွာမြို့တွင် လာရောက်ကာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
ကန့်ဘလူမြို့နယ် ဒေသခံ တောင်သူများက သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးရေးအတွက် မေ ၆ရက် နံနက်ပိုင်းက လာရောက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း၊ ယင်းဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ တရားဝင်စာတင်ကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“စီမံကိန်းမြေ ဆိုလို့ရှိရင် တစ်နှစ်ကို ဘတ်ဂျက် ဘယ်လောက်ရှိသလဲ။ နှစ်စဉ် ဘတ်ဂျက်ငွေ ဘယ်လောက်ရှိသလဲ ဆိုတော့ သူတို့ လုံးဝမပြောနိုင်ပါဘူး။ အစည်းအဝေးတိုင်းမှာ နယ်လုံဝန်ကြီး ဆင်းတဲ့အခါပေါ့နော်။ ရွှေဘိုမှာ တိုင်းရုံးအပ်တဲ့အခါ တို့ပေါ့နော်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း မေးခွန်းတွေ ထုတ်ပါတယ်။ ပြည်သူလူထုမြင်သာ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ တစ်နှစ်ကို မန်နေဂျာ တစ်ယောက် ပြောင်းပြီးတော့ သူတို့က သူတို့ရဲ့ကိုယ်ကျိုးအတွက် လုပ်နေပါတယ်။ ဒီတောင်သူကို သူတို့ မပေးပါဘူး။ ဥပေက္ခာ ပြုထားတာပါ။ လုံးဝပေးခြင်းလည်း မပြုပါဘူး” ဟု ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာမှ ဒေသခံတောင်သူ ဒေါ်တင်တင်ဌေးက ပြောကြားသည်။
ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးရှိ မြေယာများကို ၁၉၈၀ ပြည့်နှစ်အတွင်းက သက်ဆိုင်ရာက စိုက်ပျိုးရေးအတွက်ဟု ဆိုကာ သိမ်းယူခဲ့ကြကြောင်း၊ နှစ်ပေါင်း ၃၀ စာချုပ်ကို ဒေသခံ တောင်သူများကို မပေးဘဲ အမျိုးမျိုးလက်ထဲတွင် လှည့်အပ်နေကြောင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာမှ ဒေသခံ တောင်သူ ဦးဖိုးအေးက ဆိုသည်။
“၁၉၈၀ ခုနှစ်က စိုက်ပျိုးရေး ဆိုပြီးတော့ သိမ်းထားပါတယ်ဗျာ။ အဲဒါပြီးတော့ နှစ်ပေါင်း ၃၀ စာချုပ်ဆိုပြီးတော့ ကျွန်တော်တို့ကို မပေးဘဲနဲ့ အမျိုးမျိုးလက်ထဲကို လှည့်အပ်နေပါတယ်ဗျာ။ ကျွန်တော်တို့နောက်ပိုင်း မျိုးသန့်ခြံ ဆိုပြီးတော့လည်း ရောက်လာတယ်ဗျာ။ နောက်တစ်ခါ မျိုးသန့်ခြံကနေ ဖြူစင်ဟိန်းကုမ္ပဏီကို လွှဲပြောင်းဖို့ရာ အဲဒီအတွက် ကျွန်တော်တို့က မခံနိုင်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ် ခင်ဗျား။ ဒီနေ့ ဆန္ဒပြရတဲ့အထဲမှာ ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာရယ် မြေမွန်ကျေးရွာက တောင်သူတွေ ပါတယ်”ဟု ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာမှ ဒေသခံတောင်သူ ဦးဖိုးအေးက ဆက်လက် ပြောကြားသည်။
ကန့်ဘလူမြို့နယ် သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် တောင်းဆိုမှုကို မုံရွာမြို့တော်ခန်းမဆောင်ရှေ့မှ စတင်ခဲ့ကြပြီး မုံရွာကားလေးကွင်း အနောက်ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ဆန္ဒထုတ်ဖော် တောင်းဆိုမှုကို အဆုံးသတ်ခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် တောင်းဆိုရာ လမ်းတစ်လျှောက်တွင် မတရား သိမ်းဆည်းခံ မြေယာများ ပြန်လည် ရရှိရေး၊ ဓားမဦးချ တောင်သူပိုင် မြေယာများ အမြန်ဆုံး ပြန်လည် ရရှိရေး၊ မြေသိမ်းယာသိမ်းစနစ်ဆိုး အလိုမရှိ၊ သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးရေး စသည့်အချက်များဖြင့် အော်ဟစ်ကြွေးကြော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာနှင့် ဇာလီကျေးရွာအနီးရှိ မြေမွန်မျိုးသန့်ခြံမြေယာနှင့် ပတ်သက်၍ ဒေသခံ တောင်သူများအနေဖြင့် မြေယာရယူလိုပါက ဥပဒေ နည်းလမ်းဖြင့် လုပ်ဆောင်ရန်အတွက် ခြံမန်နေဂျာ ဆိုသူက ဒေသခံ တောင်သူများကို သွားရောက် ပြောကြားခဲ့ကြောင်း၊ ဒေသခံ တောင်သူများက မြေမွန်မျိုးသန့်ခြံထဲတွင် တဲထိုးထားကြောင်း၊ ယင်းတဲကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက တောင်းဆိုခဲ့သော်လည်း တောင်သူများက ဖယ်ရှားပေးခဲ့ခြင်း မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက The Daily Eleven သတင်းစာကို ဧပြီ ၁၆ ရက်က ပြောကြားသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ခြံကို တည်ထောင်ပြီးတော့ ဆောင်ရွက်ခဲ့တာ ယနေ့အချိန်အထိပေါ့နော်။ အဲဒီ မြေမွန်မျိုးသန့်ခြံက စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုယ်စားပြုပြီး မျိုးကောင်းမျိုးသန့်တွေ အများဆုံး ထုတ်ပေးတဲ့ ခြံတစ်ခုဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ။ ကျွန်တော်တို့ နိုင်ငံတော်ပိုင်ပါခင်ဗျား။ နိုင်ငံတော် နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အစဉ်အဆက် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ထုတ် လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ တောင်သူတွေအနေနဲ့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သူတို့ လက်ငုတ်ပါ ဆိုပြီးတော့ တင်ပြခဲ့တယ်။ မြေမွန်ခြံမှာ အဓိကထုတ်တဲ့ သီးနှံတွေကတော့ ပဲစင်းငုံ၊ ပဲတီစိမ်း၊ နေကြာ၊ မုံရွာ ရွှေဒင်္ဂါးမျိုးပေါ့နော်။ အဲဒီက မျိုးတွေက စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကော မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးကော မကွေးတိုင်းဒေသကြီးတွေပါ ပို့တယ်။ နောက်တစ်ခုက ကျတော့ အဲဒီမှာ မျိုးစေ့ထုတ် လုပ်ငန်းကို ဆောင်ရွက်တဲ့အခါမှာ တစ်ခါမှ ကုမ္ပဏီကို အငှားချတာတို့ လုပ်တာတို့ မရှိခဲ့ဖူးဘူး။ တရားဝင်လည်း မရှိဘူး။ နားလည်မှုလည်း မရှိဘူး”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။
ဧပြီ ၁၆ ရက်က ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာနှင့် ဇာလီကျေးရွာအနီးရှိ မြေမွန်မျိုးသန့်ခြံ မြေယာနှင့် ပက်သက်၍ အစိုးရနှင့်ဒေသခံ တောင်သူများအကြား မြေယာပိုင်ဆိုင် အငြင်းပွားမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
