Top News

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုများ မန္တလေး၊ ပဲခူးနှင့် ကလေးမြို့တို့တွင် ပြုလုပ်
24htopnews | December 1, 2024 3:12 AM CST

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုများ မန္တလေး၊ ပဲခူးနှင့် ကလေးမြို့တို့တွင် မေ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများကို မန္တလေးမြို့ နေရာ ငါးခုတွင် မေ ၆ ရက်မှ ၁၁ ရက်အထိ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အသိပညာပေး လှုပ်ရှားမှုအဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အများပြည်သူ သိရှိ ဆင်ခြင်နိုင်ရန် အချက်များကို စတစ်ကာ ရိုက်နှိပ်၍ ယာဉ်များတွင် ဖြန့်ဝေခြင်း၊ အသိပေး ဆိုင်းဘုတ် အသစ်များ စိုက်ထူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပြီး မေ ၆ ရက် နံနက်ပိုင်းတွင် စတင်ကာ က.ည.န ရုံးတွင်းနှင့် ရုံးအရှေ့ သိပ္ပံလမ်းပေါ်တွင် ပညာပေး စတစ်ကာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီလိုလုပ်တာ ၂၀၀၇ ခုနှစ်က ပထမအကြိမ်၊ ၂၀၁၃ ခုနှစ် ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ်မှာ တတိယအကြိမ်၊ ၂၀၁၇ ခုနှစ်မှာ စတုတ္ထအကြိမ်နဲ့ ဒီနှစ်မှာ ပဥ္စမအကြိမ်မြောက်အဖြစ် လုပ်တာပါ။ အဓိက ကတော့ ပြည်သူလူထုအနေနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းဖို့အတွက်ပါ။ ယာဉ်မတော်တဆမှုတွေ အနေနဲ့လည်း ဖြစ်ပွားတာ များပြားလာပြီးတော့ ဒါတွေကို လျော့ကျဖို့၊ လူ့အသက် ကယ်တင်ဖို့အတွက် အဓိက ရည်ရွယ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စပယ်က ပြောကြားသည်။

အသိပညာပေး လှုပ်ရှားမှုများကို မေ ၇ ရက်တွင် ကျွဲဆည်ကန် ကားကြီးဝင်းအဝင် လမ်း၊ မေ ၈ ရက်တွင် မင်္ဂလာမန္တလေး အရှေ့၊ ၉ ရက်တွင် ကျွဲဆည်ကန် ကားကြီးဝင်းနှင့်  ၁၁ ရက်တွင် တံခွန်တိုင် Toll Gate များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လှုပ်ရှားမှုအဖြစ်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး Slogan Sticker များကို ကားများတွင် ကပ်ပေးခြင်း၊ မော်တော်ဆိုင်ကယ်တွင်လည်း ပညာပေး စတစ်ကာများ ကပ်ပေးခြင်း၊ အသိပညာပေး ပန်းဖလတ်များ ဝေငှခြင်း စသည်တို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပဲခူးမြို့၌ ပဥ္စမအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မေ ၆ ရက်တွင် ပဲခူးမြို့မစျေးကြီး မင်းလမ်း၌ စတင်ပြုလုပ်ခဲ့ပြီး မေ ၁၂ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် အခု လုပ်တာကတော့ ပဥ္စမအကြိမ်မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ပုဒ် “ Save Lives Speak Up” “လူ့အသက်တွေ ကယ်ဆယ်ဖို့ Road Safety အကြောင်း များများပြောကြစို့” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်တွေ ဝေပါတယ်။ ဆိုင်ကယ်တွေမှာဆို နှစ်ယောက်ထက် ပိုမစီးဖို့၊ ဦးထုပ် ဆောင်းဖို့၊ အရှိန်ကို ထိန်းမောင်းဖို့၊ ကားတွေမှာဆိုလည်း ခါးပတ်ပတ်ဖို့၊ မောင်းရင် မမူးနဲ့၊ မူးရင် မမောင်းနဲ့၊ ကားမောင်းရင်း ဖုန်းမပြောဖို့ စတဲ့စာသားတွေပါတဲ့ စတစ်ကာကပ်တဲ့ ကမ်ပိန်း ပြုလုပ်ပါတယ်။ ဒီလိုတွေ လုပ်ဆောင်တာက မြန်မာတစ်နိုင်ငံလုံးမှာ ယာဉ်တိုက်မှုတွေ လျော့ကျဖို့ ကိုယ်တွေရဲ့ တိုင်းဒေသကြီးအလိုက် လျော့ကျမှ တစ်နိုင်ငံလုံး လျော့ကျမှာပါ။ ဒါကြောင့် ဒီလို လှုပ်ရှားမှုတွေကို အဖွဲ့ပေါင်းစုံ ပူးပေါင်း လုပ်ဆောင်ကြတာပါ”ဟု ပဲခူးတိုင်းဒေသကြီး က.ည.နရုံးမှ ယာဉ်စစ်ဆေးရေးမှူး ဦးမျိုးသက်က ပြောကြားသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ပဲခူးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ NLD ပါတီဝင်များ၊ သူနာပြုအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေပြီး ယခုရက်များအတွင်း မြို့အတွင်းရှိ လူစည်ကားသော လမ်းဆုံများတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးရက် သတ္တပတ်ကို မေ ၆ ရက်မှ စတင်၍ ကလေးမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် စတင်ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

“ဒီနေ့ လုပ်တာကတော့ ပဥ္စမအကြိမ် မြောက် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီကနေ ဦးဆောင်ပြီးတော့ မေ ၆ ရက်ကနေ မေ ၁၂ ရက်အထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်မယ့် လုပ်ငန်းတွေကတော့ ပညာပေး လက်ကမ်းစာဆောင်တွေ  ဝေငှမယ်။ မော်တော်ကားတွေရဲ့ ရှေ့လေကာတွေမှာ စတစ်ကာလေးတွေ  ကပ်ပေးမယ် ယာဉ်မောင်းသူတွေကို သိရှိ လိုက်နာရမယ့် အကြောင်းအရောတွေကို ဟောပြောပေးမယ်။ ဆိုင်ကယ်တွေမှာ ဆိုရင်လည်း  ဦးထုပ်ဆောင်းပြီးတော့မှ ဆိုင်ကယ်ကိုစီးဖို့ အရှိန်ပြင်းပြင်း မမောင်းဖို့၊ နှစ်ယောက်ထက်  ပိုမစီးဖို့ စတစ်ကာလေးတွေ ကပ်ပေးမယ်။ လက်ကမ်း စာစောင်လေးတွေလည်း ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်”ဟု ကလေးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

အဆိုပါ လှုပ်ရှားမှုကို ကလေးမြို့တွင် မေ ၆ ရက် နံနက်ပိုင်းတွင် နေကြာတိုက်လမ်းဆုံ၊ မေ ၈ ရက်တွင် ပင်လုံလမ်းထောင့်နှင့် ဆိပ်ကမ်းသာလမ်းဆုံတွင် လည်းကောင်း၊ မေ ၁၀ ရက်တွင် စံပြလမ်းနှင့် တံတားဦးထိပ်တွင် လည်းကောင်း၊ မေ ၁၁ ရက်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပိုင်ရှင်များ ခေါ်ယူ၍ ဟောပြောပွဲများ ကျင်းပပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ စတစ်ကာများ ကပ်ပေးခြင်းနှင့် ယာဉ်အန္တရာယ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ လျော့နည်း ကျဆင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၁၂ ရက်တွင် စကားလှ ဘုန်းတော်ကြီးကျောင်းရှေ့၌ ဆောင်ရွက်သွားမည်ဟု သိရသည်။

 


READ NEXT
Cancel OK