Top News

ပြင်စလူမြို့ ပင်လယ်ကမ်းနီး ကျေးရွာများတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်နေမှုအား Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်အရ စက်လှေများဖြင့် သွားရောက် ရေလှူဒါန်း
24htopnews | December 1, 2024 3:12 AM CST

ပြင်စလူမြို့ ပင်လယ်ကမ်းနီး ကျေးရွာများဖြစ်သည့် ပုံကမာကျေးရွာ၊ သင်္ကန်းကုန်းကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ဝဲဒေါင့်ကျေးရွာ နှင့် ကကရိုကျေးရွာများတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်နေကြောင်း အကူအညီ တောင်းခံလာမှုကြောင့် Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်အရ မေ ၅ ရက်တွင် ရေသယ် စက်လှေများဖြင့် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သောက်သုံးရေ ရှားပါးပြတ်လပ်နေကြောင်း အကူအညီ တောင်းခံလာမှုကြောင့် ပြင်စလူမြို့ အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် ဦးဆောင်သည့်အဖွဲ့နှင့် ပြင်စလူမြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ မင်္ဂလာ သောက်ရေကန်မှ သောက်ရေများ သယ်ယူကာ စက်လှေများဖြင့် သွားရောက် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိ အနေအထားအရ တကယ်ကို ဒုက္ခရောက်နေကြတဲ့ အနေအထား ဖြစ်နေတယ်။ ကျွန်တော်တို့ ပုံကမာ သင်္ကန်းကုန်းရွာတွေကျတော့ ကကရိုရွာတွေကျတော့ အဓိက ကန်ရေကို အားထားပြီးတော့ သုံးရတာ အခုက အဲဒီကန်ရေတွေက အကုန်လုံး ခန်းနေပြီ။ ကန်တွေရဲ့ အောက်ခြေမှာ တွင်းလေးတူးပြီးတော့ စိမ့်ထွက်လာတဲ့ ရေကို ဝိုင်းခပ်ရတာ။ ဒါကလည်း သုံးရေတောင် မရဘူး။ ရေက မရတော့လို့ ကျွန်တော်တို့ မနက်က ပြင်စလူ ဆရာတော်ကို ဖုန်းဆက်ပြီး အကူအညီ တောင်းရတယ်။ ဆရာတော်ကလည်း ချက်ချင်းပဲ လာကူညီပေးပါတယ်။ ဒီမှာ စနစ်တကျ ရေပေးဝေပေးပါတယ်။ ရေလှူပေးတဲ့  Eleven Media က အလှူရှင်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရွာတွေက အရမ်းကို ဒုက္ခရောက်နေတာပါ။ နောင်လည်း ဒီထက်မက လှူနိုင်ကြပါစေ” ဟု ဆားချက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးပိုင်က ဆိုသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်အရ ပြင်စလူမြို့အတွင်း ရေကြောင်းခရီးဖြင့် သွားလာရမည့် ပင်လယ်ကမ်းနီး ကျေးရွာများ၊ ပြင်စလူမြို့နှင့် ကုန်းမြေ ထိစပ်လျက်ရှိသော ကုနကြီးကျေးရွာအုပ်စု လေယာဉ်ကွင်းကျေးရွာ စသည့် ကျေးရွာများအား နေ့စဉ် သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်နေပြီး သောက်သုံးရေ ရှားပါး ပြတ်လပ်နေသည့် ကျေးရွာများ အနေဖြင့်လည်း ပြင်စလူမြို့ အောင်သိဒ္ဓိ ကျောင်းတိုက် ဆရာတော်ထံ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK