Top News

သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာအလယ်တန်းအဆင့်တွင် ယခုထက် ပိုမိုသင်ကြားနိုင်ရေးအဆို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်
24htopnews | December 1, 2024 3:12 AM CST

မြန်မာနိုင်ငံတွင် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာအကြောင်း တတ်သိကျွမ်းကျင်သောပညာရှင်များ ကမ္ဘာ့အလယ် ပေါ်ထွန်းလာစေရန် သမိုင်းဘာသာနှင့် ပထဝီဝင်ဘာသာကို အခြေခံပညာ အလယ်တန်းအဆင့်တွင် ယခုထက်ပိုမိုသင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တို်က်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ မေ ၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ဆိပ်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်က အထက်ပါအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

“သမိုင်းဘာသာနဲ့ ပထဝီဘာသာတို့ကို ၁၉၄၁ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ကောင်းစွာသင်ကြားခဲ့သော်လည်း ၂၀၀၁ ခုနှစ်မှ ယနေ့အထိ သမိုင်းဘာသာနဲ့ ပထဝီဘာသာ သင်ကြားခြင်း အားနည်းသွားသည်ကို လေ့လာသိရှိရပါတယ်။ သမိုင်းဘာသာရပ်ကို သင်ကြားရခြင်းမှာ ‘မအ’ အောင်သင်တာလို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပြောကြားသွားခဲ့ပါတယ်။  သမိုင်းကိုသိမှ သမိုင်းကိုချစ်မည်။ သမိုင်းကိုချစ်လျှင် လူမျိုးကိုလည်း ချစ်မည်။ နိုင်ငံတစ်နိုင်ငံရဲ့ အတိတ်သမိုင်းဖြစ်ရပ်တွေကို သေသေချာချာ နည်းလည်မှ ယခုပစ္စုပ္ပန်တွင် အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်နိုင်ငံတော်ကြီး မှန်မှန်ကန်ကန် တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ သမိုင်းမသိဘဲ ဆင်ကန်းတောတိုး နိုင်ငံကိုတည်ဆောက်၍ မရနိုင်ပါ။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများကို အနာဂတ်နိုင်ငံတော်အတွက် သမိုင်းဘာသာသင်ယူရေးကို အလေးထားတင်ပြနေရခြင်းဖြစ်ပါတယ်” ဟု အဆိုရှင်ဦးအောင်သိုက်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် သမိုင်းဘာသာရပ်ကို အခြေခံပညာအလယ်တန်းတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူနိုင်ရေးကို နိုင်ငံတော်တွင်လည်း အထူးတာဝန်ရှိပြီး သို့မှသာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်မည့် လူငယ်လူရွယ်များ မအတော့ဘဲ ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူလူငယ်များကို အခြေခံမှစ၍ တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်စိတ်ဖြစ်ရန် သမိုင်းကို သမိုင်းဆရာများကလည်း စနစ်တကျ သင်ကြားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ပထဝီဘာသာရပ်သည် နေ့စဉ်လူနေမှုဘဝတွင် အရေးပါသည့် ဘာသာရပ်ဖြစ်ပြီး မိုးလေဝသအခြေအနေကို နားလည်ခြင်း၊ ကမ္ဘာ့တိုက်ကြီးများအကြောင်းကို နားလည်ခြင်း၊ မြေပုံကြည့်တတ်ခြင်း၊ မီးတောင်၊ ရေခဲတောင်၊ သမုဒ္ဒရာရေစီးကြောင်း၊ လေတိုက်ခြင်းအကြောင်းအရာများကို သိရှိနားလည်ခြင်းအားဖြင့် ဘဝတစ်သက်တာ အကျိုးရှိစေသော ပညာရပ်ဖြစ်ကာ နိုင်ငံခြားသာ းတော်တော်များများသည် မြေပုံတစ်ချပ်ဖြင့် ကမ္ဘာပတ်နေသည်ကို တွေ့မြင်နေရသော်လည်း မြန်မာကျောင်းသားအများစု မြေပုံကြည့်၍ ခရီးမသွားတတ်ကြကြောင်း အဆိုရှင်က ပြောကြားသည်။

ထို့ပြင် ကျောင်းဆရာ၊ ဆရာမများကလည်း ကျောင်းသူ၊ ကျောင်းသားများကို ပထဝီနှင့် သမိုင်းသင်ချင်လာအောင် တိုက်တွန်းအားပေးခြင်း မရှိရုံမျှမက စိတ်ဓာတ်ကျဆင်းစရာများကို ပြောကြားသည့်အပြင် မိဘများကပင် မသင်စေချင်ကြကြောင်းနှင့် ပထဝီနှင့် သမိုင်းမသိသော မြန်မာနိုင်ငံသားများ တစ်စတစ်စ များပြားလာပြီး သမိုင်းနှင့် ပထဝီ အခြေခံဗဟုသုတများ နိမ့်ကျလာသည်ကို  TV Programs အစီအစဉ်အပါအဝင် နေရာတကာတွင် တွေ့မြင်ခြင်းသည် ဝမ်းနည်းဖွယ်ကောင်းကြောင်း ဦးအောင်သိုက်က ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးကာ လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က သဘောတူညီခဲ့သည်။

 


READ NEXT
Cancel OK