Top News

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုကို ခေတ်မီဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ (Control Centre) က မေ ၈ ရက်နှင့် ၉ ရက်တွင် တစ်ပြိုင်တည်း စမ်းသပ်မည်
24htopnews | December 1, 2024 3:12 AM CST

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၁ ခုကို ခေတ်မီဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ Control Centre မှ မေ ၈ ရက်နှင့် ၉ ရက်တွင် တစ်ပြိုင်တည်း စမ်းသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အသိပေးကြေညာခဲ့သည်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းရှိ ခေတ်မီဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ Control Centre မှ ဆောင်ရွက်ထားသည့် မီးပွိုင့်များကို နောက်ဆုံးအနေဖြင့် စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း YRTA အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“Control Center လုပ်ထားတဲ့ဟာတွေကို နောက်ဆုံးစမ်းသပ်တာပေ့ါ။ အဲဒါပြီးမှ လွဲပြောင်းယူရမှာဆိုတော့ နောက်ဆုံး System ကို ဘယ်လောက်ပြည်စုံပြီလဲဆိုတာ စမ်းသပ်မှာပါ” ဟု YRTA အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

အဆိုပါ မီးပွိုင့် ၁၅၁ ခုအား မေ ၈ ရက် နှင့် မေ ၉ ရက်တွင် နံနက် ၇ နာရီမှ ၁၀ နာရီ အထိနှင့် ညနေ ၃ နာရီမှ ည ၇ နာရီအထိ တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“တစ်နေရာနဲ့တစ်နေရာကို ချိန်ထားတယ်။ ချိန်ထားတယ်ဆိုတာက ကားဖြတ်သန်းတဲ့ အစီးရေအပေါ်မူတည်ပြီးတော့ ဘယ်နှစက္ကန့်ပေးမယ်ဆိုတာကို Survey လုပ်ထားတာရှိတယ်။ အဲ့ဒါတွေကို ချိန်တာပေါ့။ အဲဒီအတိုင်းထားလို့ အဆင်မပြေမပြေပေါ့။ မပြေဘူးဆိုရင်လည်း ဒီစက္ကန့်တွေကို လျှော့သင့်တဲ့ စက္ကန့်လျှော့၊ ပြောင်းသင့်တဲ့စက္ကန့်ပြောင်းပေါ့။ တစ်နေ့ကို အပိုင်းခြောက်ပိုင်းခွဲပြီး အတိုးအလျှော့လုပ်မယ်ဆိုတော့ အဲဒီလိုမျိုးစမ်းသပ်မှာပါ” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။

အဆိုပါ မီးပွိုင့်များ တစ်ပြိုင်နက်တည်း စမ်းသပ်လည်ပတ်မှုပြုလုပ်မည့် နေ့များနှင့် အချိန်များတွင် မီးပွိုင့်များအား ဖြတ်သန်းမောင်းနှင်ကြမည့် မော်တော်ယာဉ်များအနေဖြင့် ဂရုတစိုက် မောင်းနှင်ကြပါရန်  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သော နှစ်နှစ်ကျော်ကာလအတွင်းက ကောက်ယူထားသည့် ယာဉ်အစီးရေအရ မီးပွိုင့်စနစ်ကိုချိန်ညှိထား ခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီးရေအရ မီးပွိုင့်များ၌ ဖြတ်သန်းမှုစာရင်း ယခင်နှင့် မတူညီသဖြင့် ပြောင်းလဲသင့်သည့် မီးပွိုင့်များတွင် ပြောင်းလဲနိုင်ရန် စမ်းသပ်ခြင်းဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK