မန္တလေးမြို့တောင်ဘက်ရှိ တောင်သမန်အင်းသည် လှပသည့်နေရာတွင် နာမည်ကျော်သကဲ့သို့ အင်းလုပ်ပိုင်ခွင့်အတွက် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြသည့်နေရာတွင်လည်း နာမည်ကြီးသည်။ အမရပူရတွင် အင်းသူကြီး ဦးချစ်ခိုင်နှင့် ဦးမြင့်ဝေကား အင်းလေလံများကို အပြိုင်အဆိုင် ဆွဲနေကြသည့် ပြိုင်ဘက်နှစ်ဦးလည်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ဦးချစ်ခိုင် အင်းလေလံအပြိုင်မဆွဲနိုင်တော့ဘဲ တရားရုံးချိန်းလာရာမှ ခြောက်နာရီကြာ သတိမေ့ပြီးနောက် မန္တလေးပြည်သူ့ဆေးရုံတွင် လက်ထိပ်ခတ်ခံရရင်း ဆေးကုသမှုခံယူနေရပြီဖြစ်သည်။
ထိုဇာတ်လမ်း၏ အစကား မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော် ကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာအနီးရှိ ရသေ့ကန်အင်းကို ဦးချစ်ခိုင်၏တပည့်ဖြစ်သူ ကိုကံထူးက ငါးလုပ်ငန်းဦးစီးဌာနထံမှ တစ်နှစ်လျှင် ၂၁၇ သိန်းဖြင့် အင်းလေလံဆွဲရာမှ စတင်ခဲ့သည်။ လေလံဆွဲပြီးနောက် ငါးမွေးမြူရန်အတွက် မြေပြင်အခြေအနေကို သွားကြည့်သောအခါ အင်းရေဝပ်ဧရိယာမှာ ငါးဧကခန့်သာ ကျန်တော့သည့်အတွက် အင်းအခြေအနေကို ပြုပြင်ရန်လိုအပ်ရာမှ စတင်သည်။ ပြဿနာမှာ သူတို့အင်းမြေနယ်နိမိတ်အချို့မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပေးထားသော နယ်နိမိတ်တချို့ပါဝင်နေပြီး ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရထားသူမှာ သူတို့နှင့် ပြိုင်ဘက်ဦးမြင့်ဝေဖြစ်သည်။
လေလံဆွဲထားသော အင်းအားငါးမွေးမြူရန်အတွက် ကိုကံထူးက အင်းကိုပြင်ရန် လိုအပ်သည်။ ရေဝေရေလွှဲလုပ်ရန်၊ ချောင်းမြောင်းများကို ရေစီးရေလာကောင်းရန် ချဲ့ဖို့လိုသည်။ အခြားတစ်ဖက်တွင်ကား လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ အခိုင်အမာရထားသူများလည်း ရှိနေသည်။ သည့်အတွက် ငါးလုပ်ငန်း၊ မြေစာရင်း၊ ထွေအုပ်စသည့် သက်ဆိုင်ရာဌာနများကို အကြောင်းကြားပြီး အင်းမြေနယ်နိမိတ်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ချပေးထားသော နယ်နိမိတ်ကို ကွဲပြားစွာ သက်မှတ်ပေးရန်၊ အင်းကို ပြုပြင်ခွင့်ပေးရန် ကိုကံထူးတို့က အကြိမ်ကြိမ်တောင်းဆိုသည်။ သို့သော်လည်း မည်သည့်ဌာနကမျှ တိကျသော အဖြေကိုမပေးပါ။ ဤတွင် ကိုကံထူးတို့ကဘက်ဟိုးဖြင့် ဝင်ပြီး အင်းမြေပြုပြင်ရန် လုပ်ဆောင်သည့်အခါ ဦးမြင့်ဝေတို့ဘက်က ပိုင်နက်ကျုးလွန်မှု၊ လူအုပ်စုဖြင့် ခြိမ်းခြောက်မှု စသည့်ပုဒ်မများဖြင့် အမှုဖွင့်၍ လက်ရှိတရားရင်ဆိုင်နေရ ခြင်းဖြစ်သည်။
အင်းလေလံဆွဲထားသူနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူများ နယ်နိမိတ်ထိစပ်နေပါက ပိုင်ဆိုင်မှုအငြင်းပွားကြသည်မှာ ထုံးစံသာဖြစ်ပြီး ခိုက်ရန်လည်း မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ယခုဖြစ်စဉ်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာဖြစ်သည်။ မတူညီသော အခြေအနေတစ်ခုကား ဦးချစ်ခိုင်က ဦးမြင့်ဝေအား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားခြင်းဖြစ်သည်။
“ဦးမြင့်ဝေက နိုင်ငံတော်ပိုင် အင်းနယ်နိမိတ်ကို မြေစာရင်းနဲ့ပေါင်းပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရယူတယ်။ ပြီးတော့ အဲဒီမြေတွေကို သိန်းသုံးထောင့်နှစ်ရာနဲ့ တခြားလူတစ်ယောက်ကို လက်လွှဲရောင်းချထားတယ်။ ကျုပ်က အဲဒါကို မကျေနပ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့စွဲနဲ့ အဂတိတိုက် ဖျက်ရေးကော်မရှင်ကို တိုင်တန်းထားတယ်။ ကျုပ်ပြောတာမှားရင် မမှန်မကန်သတင်းပေးမှုနဲ့ ကျုပ်ကိုအရေးယူပါ။ ကျုပ်ပြောတာမှန်ရင် လယ်ယာမြေကို အခြားလူကိုပြန်ရောင်းစားတဲ့သူတွေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို မမှန်မကန်ချပေးခဲ့တဲ့ ဌာနဆိုင်ရာတွေကို အရေးယူပါ။ အဲဒီအမှုကိုစစ်ရင် ပေါ်မှာစိုးလို့ ကျုပ်သက်သေမခံနိုင်အောင် ကျုပ်ဝင်ပါခြင်းမရှိ တဲ့ ဒီအမှုထဲကို မရမကဆွဲထည့်ပြီး အာမခံမပေးဘဲ ညစ်ထားတာပဲ” ဟု အမရပူရ ရုံးချိန်းတွင် ပြောကြားခဲ့သည်။
ဦးမြင့်ဝေ၏ စိုက်ပျိုးရေးတာဝန်ခံ ဦးကျော်ငွေကမူ မိမိတို့အနေဖြင့် လက်ရှိ စိုက်ပျိုးနေဆဲဖြစ်ပြီး မည်သူ့ကိုမျှ လက်လွှဲရောင်းချထားခြင်းမရှိကြောင်း၊ ဦးချစ်ခိုင် စေခိုင်းထားသည့် လူများက မိမိတို့စိုက်ကွင်းအတွင်းသို့ ဘက်ဟိုးများ၊ တုတ်၊ ဓားများဖြင့် ဝင်ရောက်ကျုးကျော်သည့်အတွက် အမှုဖွင့်ထား ခြင်းဖြစ်ကြောင်း ဖြေကြားသည်။
Eleven Medai က ရရှိထားသော စာရွက်စာတမ်းများအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၂၅)၊ ဦးပိုင်အမှတ် (ဖော်ပြမထား) အား ဦးမြင့်ဝေအမည်ဖြင့် သီးစားလုပ်ပိုင်ခွင့် ရရှိထားသော လယ်ယာမြေကွက်များနှင့် ယင်းမြေကွက်ပေါ်ရှိ လုပ်ပိုင်ခွင့်လျှောက်ထားပြီး လျှပ်စစ်မီတာ ၁၀ လုံးအပါအဝင် သီးစားလုပ်ပိုင်ခွင့် အရပ်ရပ်အားလုံးကို တန်ဖိုးငွေကျပ် သိန်း ၃၂၀၀ ဖြင့် Three Swallows Construction Co. Ltd ကိုယ်စား ဦးကျော်မြင့်က (၇.၇.၂၀၁၆) ရက်စွဲပါ စာချုပ်ဖြင့် ဝယ်ယူထားကြောင်းသိရသည်။
ဤသို့ဆိုလျှင် ယခုဇာတ်လမ်းတွင် တစ်ဦးဦးကတော့ သေချာပေါက်မှားနေပြီဖြစ်သည်။ ငါးလုပ်ငန်းကလည်း ၎င်းတို့ဌာနပိုင် အင်းဆိုပြီး လေလံတင်ရောင်းချသည်။ သို့သော်လည်း ပြဿနာများ ဖြစ်ပွားလာသောအခါ တိကျသောရှင်းလင်းချက် မထုတ်ပြန်ခဲ့ပေ။ ထို့အတူပင် ဦးမြင့်ဝေတို့ကလည်း ၎င်းတို့ အခိုင်အမာပိုင်ဆိုင်ထားသည်ဟု ပြောသည်။ ဦးချစ်ခိုင်တို့ဘက်ကလည်း မိမိတို့ တရားဝင်လေလံဆွဲထားသော အင်းဖြစ်သည် ဟုပြောသည်။ အားလုံးတော့ မှန်ကန်ခြင်း မဖြစ်နိုင်။ တစ်စုံတစ်ခုတော့ လွဲချော်နေပြီဖြစ်သည်။
နောက်ထပ်မေးခွန်းထုတ်လိုသည်မှာ မြေလွတ်မြေရိုင်းများကို လျှောက်ထားခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်များ ချပေးခြင်း၊ အင်းအိုင်များကို မြေဖို့ကာ အခြားသုံးစွဲခွင့်လျှောက်ခြင်း စသည့်လုပ်ရပ်များအတွက် အစိုးရတွင် တိကျခိုင်မာသော မူဝါဒတစ်ရပ်ကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ရမည် ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် မြစ်ချောင်းများ၊ ရေမြောင်းများ၊ လယ်ယာမြေများကို အကွက်ရိုက်ရောင်းချခြင်းသည် ထိုတစ်နေရာတည်းတွင် ဖြစ်နေသည်တော့ မဟုတ်ပါ။ ၂၀၁၂ လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးနောက် လယ်ယာမြေများကို ပုံစံ (၇) ချပေးသည်။ မြေလွတ် မြေရိုင်းများကို လယ်ယာမြေလုပ်ပိုင်ခွင့်ချပေးသည်အခါ ချောင်းများ၊ မြောင်းများကို လုပ်ငန်းရှင်များက မြေဖို့ပြီး အကွက်ဖော်ရောင်းကြသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်များ လျှောက်ထားပြီး စိုက်ပျိုးခြင်းမရှိဘဲ အကွက်ရိုက် ရောင်းချကြသည်။ မန္တလေးမြို့ပတ်လည်ရှိ လယ်ယာမြေအများစုကို ထိုနည်းအတိုင်းအရောင်းအဝယ်လုပ်နေကြဆဲဖြစ်ပြီး လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မကျသေးဘဲ အဆောက်အအုံများဆောက်ကြ၊ ရောင်းဝယ်နေ ကြသည်မှာ ပွဲတော်ကြီးအလားဖြစ်နေသည်။ အစိုးရတာဝန်ရှိသူများက အရေးယူမည်ဟု မကြာခဏပြောဆိုသော်လည်း ထိရောက်သော အရေးယူမှုကို ယခုအထိ မြင်တွေ့ရခြင်း မရှိသေးပေ။ တောင်သမန်ကန်ဆိုလျှင်လည်း ကန်အနောက်ဘက်ခြမ်းတွင် တောင်သမန်သစ္စာစီမံကိန်းက အင်းကိုမြေဖို့ကာ စီမံကိန်း နယ်နိမိတ်ကို တဖြည်းဖြည်းတိုးချဲ့လျက်ရှိသည်။ အင်းအရှေ့ဘက်တွင်ကား ရေဝင်ရေထွက်ရှိသော စိုက်ခင်းနေရာကို မြေအကြီးအကျယ်ဖို့ပြီး ပရောဂျက်များ လုပ်ဆောင်နေကြသည်။ ထို့အတူပင် မန္တလေးမြို့အရှေ့ဘက် အောင်ပင်လယ်တစ်ကြောတွင်လည်း စိုက်ပျိုးနေဆဲ လယ်ကွင်းများအကြား တိုက်တာအိုးအိမ်များ အခိုင်အမာဆောက်နေကြသည်မှာ အများအပြားဖြစ်သည်။ ထို့အတူပင် အမရပူရ၊ နတ်ရေကန်ကျေးရွာအုပ်စုနှင့် ဆောက်တောဝကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေများတွင် ဥပဒေနှင့်မညီဘဲ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြေဖို့နေခြင်းများ အများအပြားရှိသကဲ့သို့ မန္တလေးမြို့ တောင်ဘက်၊ ထုံးဖိုလမ်းခွဲ၊ ပြင်ဝလွင်တက်လမ်းနံဘေးရှိ လယ်မြေယာမြေအတွင်း လက်ရှိစိုက်ပျိုးမြေများကို နည်းအမျိုးမျိုးဖြင့် အခြားနည်းသုံးစွဲခွင့် လျှောက်ထားနေကြသည်ကို တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သို့လုပ်ဆောင်မလဲဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
