Top News

နတ္တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၂၀၀ နီးပါး အမိုးလန်ပျက်စီးပြီး နေအိမ် ၁၀ လုံး ပြိုလဲပျက်စီး
24htopnews | December 1, 2024 3:12 AM CST

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် နတ္တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် ၂၀၀ နီးပါး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ် ၁၀ လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အတွင်း မေ ၄ ရက် ည နေ ၆ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်းကလေးရပ်ကွက်၊ သာဇီရပ်ကွက်၊ ထိန်သေးကျေးရွာအုပ်စု၊ အုတ်တန်းကျေးရွာ အုပ်စု၊ သက်ငယ်ပြင်ကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေး ရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုတို့နှင့် သရက်ပင်တစ်ပင်ဘုန်းတော်ကြီးကျောင်း၊ မြို့မရပ်ကွက် အ.ထ.က(မြို့မ)၊ ကျောင်းတို့တွင် အမိုးလန်ပျက်စီးမှုနှင့် နေအိမ်ပြိုလဲ ပျက်စီးမှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဖြစ်တာကတော့ မီးရထားလမ်းပေါ့။ သစ်ပင်ဆယ့်ခုနှစ်ပင်လောက် ပိတ်နေတာကို ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ ၀ိုင်းပြီး ရှင်းလိုက်ရတယ်။ ညဆယ်နာရီလောက်မှာမှ ရထားက ထွက်နိုင်တယ်။ ဗြူးကုန်းက အိမ်တွေ မြို့မအထက်တန်းကျောင်း အမိုးတွေ လန်သွားတယ်။ ဆက်တိုက်မှာစိုးလို့ဆိုပြီး မန္တလေးကျောင်းတိုက် ဓမ္မာရုံမှာ အမိုးလန်ပြိုလဲတဲ့ လူတွေကို ရွေ့ပြောင်းခဲ့ရတယ်။ အခု လက်ရှိအချိန်ထိတော့ မြို့မအထက် တန်းကျောင်းထဲက လဲနေတဲ့သစ်ပင်တွေကို တပ်မတော်ဘက်ကလာပြီး လုပ်အားပေးခဲ့ ပါတယ်” ဟု နတ္တလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ကိုအောင်ကျော်(ခ)ကိုမိုး ကြီးက ပြောကြားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁၀၀ ခန့်ကို မန္တလေးကျောင်းတိုက် ဓမ္မာရုံတွင် ရွေ့ပြောင်းနေထိုင်စေပြီး စာသင်ကျောင်းအတွင်းနှင့် အခြားနေရာများရှိ လဲပြိုကျနေသော သစ်ပင်များကို ခုတ်ထွင်ရှင်လင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အိမ်အမိုးလန်တာတွေ ပြိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ စာရင်းချုပ်နေတုန်းပဲ။ တစ်မြို့နယ်လုံး အတိုင်းအတာတော့ မရသေးဘူး ဒါနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ကိုတင်ပြတာတွေ လူကယ်ပြန်အဖွဲ့ကို တင်ပြတာတွေ တော့လုပ်နေပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် လိုပါတာတွေ ဆောင်ရွက်ပေးနေပါတယ်” ဟု နတ္တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်ကဆိုသည်။


READ NEXT
Cancel OK