Top News

ဆည်မြောင်းတာတမံများ ကြံ့ခိုင်တောင့်တင်းရေးအတွက် ပြုပြင်သင့်သည့် တာတမံများကို ပွင့်လင်းရာသီအတွင်း ဆောင်ရွက်သင့်သည်များကို အချိန်မီ၊ အခါမီဆောင်ရွက်နေဟု ဒုတိယဝန်ကြီးပြောကြား
24htopnews | December 1, 2024 3:12 AM CST

ဆည်မြောင်းတာတမံများ ကြံ့ခိုင်တောင့်တင်းရေးအတွက် ပြုပြင်သင့်သည့် တာတမံများကို ပွင့်လင်းရာသီအတွင်း ဆောင်ရွက်သင့်သည်များကို အချိန်မီ၊ အခါမီဆောင်ရွက်နေဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

မေ ၂ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ ကိုယ်စားလှယ်များ၏ မေးခွန်းများအား လာရောက်ဖြေကြားသည့် ဒုတိယဝန်ကြီးအား တာတမံများနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများအား ဖြေကြားပေးရန် သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့မေးမြန်းမှုများအား ဦးလှကျော်က “မကြာခင်မိုးကျလာတော့မှာဆိုတော့ မိုးမကျခင် အဓိကသဘာဝဘေးကို ကြိုတင်တွက်ဆပြီး အခုတည်းက တာတမံတွေကြ့ံခိုင်ရေး၊ တာတမံဆိုသည့်အထဲမှာ ဆည်မြောင်း၊ ရေလှောင်တမံတွေအပါအဝင် အဓိကအားဖြင့် မြစ်ဝကျွန်းပေါ်မှာရှိတဲ့ ဒီတာတမံတွေ ကြ့ံခိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရေး၊ တို့ဆီမှာက  မြန်မာနိုင်ငံ တမံကြီးများကော်မတီဆိုတာ ရှိတယ်။ အဲဒီတမံကြီးများ ကော်မတီကလည်းပဲ၊ တို့ဆီမှာရှိတဲ့ ဆည်မြောင်းပညာရှင်တွေ သူတို့တွေပါ ပါဝင်ပြီး လုပ်ပေးနေတာ ဖြစ်ပါတယ်။ တာတမံတွေ ကြ့ံခိုင်တောင့်တင်းရေးအတွက်ကို  ပြုပြင်သင့်တဲ့ တာတမံတွေကိုလည်းပဲ ဒီပွင့်လင်းရာသီမှာ ဆက်လက်ပြီးတော့ ဆောင်ရွက်သင့်တာကိုလည်းပဲ အချိန်မီ၊ အခါမီ လုပ်နေတာ ရှိပါတယ်။ အခု နေပူတယ်။ ဘာကြောင့်လဲ သဘာဝကြီးက တဖြည်းဖြည်းနဲ့ ပျက်ယွင်းလာတယ်။ သဘာဝပျက်ယွင်းလာမှုနဲ့အတူ ရာသီဥတုကလည်း ပြောင်းလာတယ်။ ပြောင်းလာတာနဲ့အညီ မိုးကြီးတာ၊ ပူပြင်းခြောက်သွေ့တာ၊ မိုးခေါင်တာ၊ မိုးသီးကြွေတာ နောက်ဆုံး မြေပြိုတာတို့ ဒီလို အဘက်ဘက်ကဟာတွေကို ဘယ်လိုအန်တု ဆောင်ရွက်မလဲ။ လုပ်စရာတွေကတော့ အများကြီးပါ” ဟု သတင်းထောက်များအား ပြောကြားသည်။

ရေထိန်းတံခါးပြင်ဆင်မှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင်ဖြေကြားခဲ့ကြောင်း၊ တာတမံများ တောင့်တင်းခိုင်မာစေရန် ဝန်ကြီးဌာနအနေဖြင့် အာရုံထားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဆင်ရမည်မှာ များစွာရှိကြောင်း ဦးလှကျော်ကပြောကြားသည်။

“ဒီနေ့ ဖြေခဲ့တဲ့ ဘီးလင်းပေါ့နော်။၂၀၀၉ နောက်ပိုင်း ပြိုကျသွားတဲ့ ရေထိန်းတံခါးအစား နှစ်စဉ် ဧက ၂၂၀၀၀ က ရေမြုပ်နေတာ ကောင်းကောင်းလည်း မစိုက်နိုင်ဘူး။ ဒါကို ပြန်ပြီးတော့ ရေထိန်းတံခါးကို ပြန်ဆောက်ပေးဖို့ ဆောက်တဲ့အခါမှာလည်းပဲ တပါးကို အန်တုနိုင်တဲ့ နည်းလမ်းကို ရှာရတာပေါ့။ ဆိုတဲ့သဘောက လုပ်လိုက်၊ ပျက်လိုက်ဆိုတာထက် တကယ့်ကို  ခိုင်ခိုင်မာမာနဲ့ ရေရှည်ကို မျှော်ကိုးပြီးတော့ လုပ်ရမယ့် သဘောတွေလည်း ပါတာပေါ့။ နံပါတ် ၁ အချက်က စူးစမ်းလေ့လာမှုကို အချိန်ယူပြီး လုပ်ရတဲ့ အပိုင်းပါပါတယ်။ တာတမံကြီးများတောင့်တင်းခိုင်မာမှုနှင့် ပတ်သက်ပြီးတော့ ဝန်ကြီးဌာနအနေနဲ့က ဒီဘက်အပိုင်းမှာ အာရုံထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူကို သိစေချင်တာပေါ့နော်။ ပြင်ဆင်ရမှာက အများကြီးရှိတာပေါ့နော်။ ကျွန်တော်တို့လို နိုင်ငံမျိုးက လိုအပ်ချက်က အမြဲတမ်းရှိနေတာ ပဲလေ။ နိုင်ငံမှာရှိတဲ့ အရင်းအမြစ်စွမ်းအား ဘဏ္ဍာငွေနဲ့ လုပ်ဖို့ဆိုတာက အကန့်အသတ်တွေ ရှိတော့ အရေးကြီးဆုံး လူထုအပေါ်မှာ တိုက်ရိုက်အကျိုးဖြစ်မယ့် ဟာမျိုးဆွဲပြီး လုပ်ရပါတယ်။လုပ်စရာတွေကတော့ အများကြီးပါ” ဟု ဦးလှကျော်က ပြောကြားခဲ့သည်။

ဦးလှကျော်က “တာတမံကြီးများ တောင့်တင်းခိုင်မာမှုနှင့် စပ်လျဉ်းပြီးတော့ နွယ်ပြီးပြောရရင် ပြီးခဲ့တဲ့ အတွေ့အကြုံအရ ပြောရရင် မိုးတွင်းကာလမှာ မိုးသည်းထန်စွာ ရွာသွန်းရင် ရေလှောင်တမံမှာရေတွေ အများကြီးဝင်တာပေါ့။ သို့သော်လည်း ပြည်သူရဲ့ စိုးရိမ်စိတ်ကြောင့် ဒီရေကို ငါတို့က ကြာရှည်မလှောင်ထားနိုင်တဲ့ အဖြစ်မျိုးကြုံတွေ့ခဲ့ရတယ်။ အဲဒီတော့ ရေကိုသူ့အတိုင်းအတာနဲ့ သူ့ထိုက်သင့်တဲ့ အတိုင်းပဲရှိအောင် ထုတ်လွှတ်လိုက်ရတဲ့ သဘောရှိတာပေါ့။ ဒီအပိုင်းလေးတွေလည်း ပါတာပေါ့။ အကယ်၍သာ အဲ့ဒီကာလအတွင်းမှာ ဆည်တွေ၊ တာတမံတွေမှာ ဝင်လိုက်တဲ့ ရေကိုလှောင်ထားနိုင်မယ်ဆိုရင် ဒေါက်တာထွန်းနိုင်တို့ ကြုံတွေ့ရတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ရေအားကလည်း ထိုက်သင့်တဲ့ အတိုင်းအတာထက် လျှပ်စစ်ကို တိုးပြီး ထုတ်ပေးနိုင်မယ့် အနေအထားရှိတာပေါ့။ တစ်ခုကိုလိုချင်ရင်တော့ တစ်ခုကို စွန့်ရမှာပေ့ါ” ဟု ဦးလှကျော်က ပြောကြားသည်။


READ NEXT
Cancel OK