Top News

အာတိတ်တွင် ရန်လိုသည့် အပြုအမူအတွက် တရုတ်နှင့်ရုရှားကို ပွန်ပီယိုက ရှုတ်ချ
24htopnews | December 1, 2024 7:12 AM CST

ရင်းမြစ်ကြွယ်ဝသော အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ရန်လိုသော အပြုအမူကို ထိန်းသိမ်းရန် အာတိတ်၌ အမေရိကန်၏ တည်ရှိမှုကို တိုးချဲ့ရန် စီစဉ်ခဲ့ကြောင်း အမေရိကန်က မေ ၆ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ရေနံ၊ ဓာတ်ငွေ့၊ တွင်းထွက်ဓာတ်သတ္တု နှင့် ငါးများကြွယ်ဝသော အာတိတ်သည် ကမ္ဘာ့ပါ၀ါနှင့် ပြိုင်ဆိုင်မှုတို့၏ ကွင်းပြင်ဖြစ်လာနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဖင်လန်မြောက်ပိုင်း ရိုဝမ်နေမီတွင် ပြောကြားသည့် မိန့်ခွန်း၌ သတိပေးခဲ့သည်။

အာတိတ်ကောင်စီအဖွဲ့ဝင် ရှစ်နိုင်ငံအစည်းအဝေးတွင် ပြောကြားခဲ့သည့် ပွန်ပီယိုက “အာတိတ်သမုဒ္ဒရာကို စစ်အသွင်ဆောင်ပြီး နယ်မြေအငြင်းပွားမှု အပြိုင်အဆိုင် ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်သစ် ဖြစ်သွားဖို့ ကျွန်တော်တို့ လိုလားသလား” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။

နိုင်ငံများက ကြွေးမြီနှင့် ခြစားမှု၊ အရည်အသွေးနိမ့် ရင်းနှီးမြှုပ်နှံမှု၊ စစ်အသွင်ဆောင်မှု၊ သဘာဝ အရင်းအမြစ်များအထိန်း အကွပ်မဲ့ ထုတ်ယူသုံးစွဲမှုတို့တွင် ပိတ်မိနေသဖြင့် တရုတ်လွှမ်းမိုးမှု မြင့်တက်လာရန် အလားအလာများဖြစ်စေကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ရုရှားသည် အာတိတ်ကောင်စီအဖွဲ့ဝင်များဖြစ်သော်လည်း တရုတ်သည် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် စောင့်ကြည့်သူ အနေအထားသာ ရရှိထားသည်။ တရုတ်၏ မြောက်ဖျားအကျဆုံးသည် အာတိတ်မှ မိုင် ၉၀၀ ဝေးကြောင်း ပွန်ပီယိုက ပြောကြားခဲ့ပြီး အာတိတ်အနီးဒေသဖြစ်လာရန် တရုတ်၏ ကြိုးပမ်းမှုကို ပယ်ချခဲ့သည်။ တရုတ်အစိုးရသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အာတိတ်ဒေသအတွက်  ဒေါ်လာ ၉၀ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး မြောက်ပင်လယ်လမ်းကြောင်းမှ အားသာမှုအခွင့်အရေးများကို အပြည့်အဝ အသုံးချရန် ကြိုးပမ်းနေသည်။

ရေခဲမြစ်များ အရည်ပျော်လာသဖြင့်ပို၍ အသုံးပြုလာနိုင်သော မြောက်ပင်လယ်လမ်းကြောင်းသည် ရုရှားမြောက်ပိုင်းကိုဖြတ်ပြီး ပစိဖိတ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာကြား ခရီးကြာချိန်ကို သိသိသာသာ လျှော့ချနိုင်သည်။ တရုတ်နှင့် ရုရှားတို့က မြောက်ပင်လယ်လမ်းကြောင်းကို ပိုးလမ်းမသစ် တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ရန် လိုလားနေသည်။

မော်စကိုသည်လည်း အာတိတ်ဒေသကို စစ်ရေးဆောင်ရန် လိုလားနေကြောင်း ပွန်ပီယိုက စွပ်စွဲနေသည်။ သမ္မတ ဗလာဒီမာပူတင်၏ လက်အောက်တွင် ရုရှားသည် အာတိတ်ဒေသ၌ စစ်ရေးချဲ့ထွင်မှုများ ဆောင်ရွက်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးနောက် စွန့်ပစ်ထားခဲ့သော စစ်စခန်းအများအပြားကို ရုရှားက ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အာတိတ်ဒေသတွင် ပြိုင်ဘက်တို့၏ ရည်မှန်းချက်များအား ဟန့်တားရန်အတွက် အမေရိကန်သည် စစ်ရေးလေ့ကျင့်မှုများ လက်ခံဆောင်ရွက်ခြင်း၊ တပ်ဖွဲ့ဝင်များ တိုးချဲ့တပ်ဖြန့်ခြင်း၊ ရေခဲမြစ်သွား ရေယာဉ်စုများ ပြန်လည်တည်ဆောက်ခြင်း၊ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့များ ချဲ့ထွင်ရေးအတွက် ရန်ပုံငွေ တိုးချဲ့ခြင်းတို့ ဆောင်ရွက်နေကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

ကွန်ဂရက်က တောင်းဆိုထားသဖြင့် ပင်တဂွန်သည် အာတိတ်ဒေသအတွက်ကာ ကွယ်ရေးမဟာဗျူဟာသစ်ကို ဇွန် ၁ ရက်တွင် တင်သွင်းရန် စီစဉ်နေသည်။ အေးသောရာသီဥတုအခြေအနေတွင် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရန်အတွက် နော်ဝေကို ဖြတ်သန်းသည့် လေ့ကျင့်မှုများအား အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များက လေ့ကျင့်ထားပြီးဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်တို့ ဆုတ်ခွာခဲ့သော အိုက်စလန်၏ ကက်ဖလာဗစ်လေတပ်စခန်းသို့ အမေရိကန် လေယာဉ်များလည်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

Ref ; AFP


READ NEXT
Cancel OK