Top News

အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ဟု ပါလက်စတိုင်းတို့ ပြောကြား
24htopnews | December 1, 2024 7:12 AM CST

၂၀၀၈ ခုနှစ်နောက်ပိုင်း အစ္စရေး-ဂါဇာ စတုတ္ထစစ်ပွဲအဖြစ် ကြီးထွားလာနိုင်ခြေရှိခဲ့သည့်  နှစ်ရက်ကြာဆိုးဆိုးရွားရွား အခြေအနေတင်းမာမှုများကို အဆုံးသတ်ရေးအတွက် အစ္စရေးနှင့်အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ပါလက်စတိုင်းခေါင်း ဆောင်တို့က မေ ၆ ရက်တွင် ပြောခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အစ္စရေးဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့သော်လည်း အပစ်အခတ်ရပ်စဲမှုအသက်ဝင်ရမည့် အချိန်တွင် ဂါဇာဘက်မှ ရော့ကတ်ပစ်ခတ်မှုများမရှှိတော့သလို အစ္စရေးဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း ရပ်ဆိုင်းသွားသည်ဟု ယူဆရဖွယ်ရှိကြောင်း ဂါဇာရှိ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ဂါဇာနယ်စပ်ဝန်းကျင်မှ ရပ်ကွက်များ၌ အရပ်သားများ၏ သွားလာမှုများအား ကန့်သတ်ထားခြင်းကိုလည်း အစ္စရေးက မေ ၆ ရက် နံနက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၀ မိနစ်မှ စတင်၍ ပစ်ခတ်မှုများ ရပ်ဆိုင်းရန် သဘောတူညီချက်ကို အီဂျစ်က ကြားဝင် စေ့စပ်ပေးခဲ့ခြင်းဖြစ်သည့်အကြောင်း ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေသည့်အစ္စလာမ္မစ် ဟားမားအုပ်စုနှင့် မဟာမိတ် အစ္စလာမ္မစ် ဂျီဟတ်အုပ်စုတို့မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတို့က ပြောကြားခဲ့သည်။ အီဂျစ်ဘက်မှ အမည်မဖော်လိုသည့် အစိုးရအရာရှိ တစ်ဦးကလည်း ထိုသဘောတူညီချက်နှင့် ပတ်သက်ပြီး အတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ်က စစ်ပွဲပြီးနောက်ပိုင်း အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွတို့ အကြား အပြင်းထန်ဆုံးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးရသွားခြင်း ဖြစ်သည်။

မေ ၄ ရက်တွင် ဂါဇာဘက်မှ ရော့ကတ် အမြောက်အမြား အစ္စရေးဘက်သို့ ပစ်ခတ်ရာမှ  အစပြုခဲ့ခြင်းဖြစ်ပြီး ယင်းနောက် အစ္စရေးကလည်း လေကြောင်းမှ လက်တုံ့ပြန်ပစ်ခတ်မှုများစွာ လုပ်ဆောင်ခဲ့သည်။ ယင်း ပစ်ခတ်မှုများသည် မေ ၅ ရက် တစ်နေ့လုံး ဆက်လက်ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်အတွင်း စစ်သွေးကြွကိုးဦးအပါအဝင် ပါလက်စတိုင်း ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးဘက်မှ အရပ်သား လေးဦးသေဆုံးခဲ့သည်။

ထိရှလွယ်သော အချိန်ကာလ

အီဂျစ်နှင့် ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးခဲ့သည့် ယခင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာအပေါ် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေးနှင့် ပတ်သက်ပြီး အစ္စရေးဘက်မှ ရှေ့တိုးလုပ်ဆောင်ပေးစေရန် ဟားမားတို့က ကြိုးပမ်းနေစဉ် ယခုကဲ့သို့ ပစ်ခတ်မှုများပေါ်ပေါက်လာရခြင်းဖြစ်သည်။  အစ္စရေးဘက်တွင်လည်း အစိုးရ သည် တည်ငြိမ်အေးချမ်းမှုများ ဆောင်ကျဉ်းပေးနိုင်ရန်၊ နိုင်ငံတောင်ပိုင်းမှ လူ့အဖွဲ့အစည်းများသို့ ရော့ကတ်များ ထိမှန်ကျရောက်နေခြင်းကို အဆုံးသတ်နိုင်ရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

အစ္စရေးတွင် ယခုသီတင်းပတ်နှောင်းပိုင်း၌ အောက်မေ့ဖွယ်နှင့် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပရမည်ဖြစ်သည့် အပြင် ပြည်ပမှလူထောင်ပေါင်းများစွာ ရောက်ရှိလာစေနိုင်သည့် Eurovision သီချင်းအဆိုပြိုင်ပွဲကိုလည်း တဲအဗစ်တွင် မေ ၁၄-၁၈ အထိကျင်းပမည် ဖြစ်သည်။

ဂါဇာဘက်တွင်မူ မွတ်စလင်တို့၏ ဥပုသ်လဖြစ်သော ရာမဒန်သည် မေ ၆ ရက်တွင် စမည်ဖြစ်သည်။                  

Ref ; AFP


READ NEXT
Cancel OK