Top News

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွါအီဒို၏လက်ထောက် ဖမ်းဆီးခံရ
24htopnews | December 1, 2024 7:12 AM CST

ဗင်နီဇွဲလားအတိုက်အခံများ ထိန်းချုပ်ထားသော အမျိုးသားလွှတ်တော်၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးအား ထောက်လှမ်း ရေးအေးဂျင့်များက မေ ၈ ရက်တွင် ဖမ်းဆီးခဲ့သည်။ ယင်းသည် ပြီးခဲ့သောလတွင် သမ္မတ နီကိုးလက်စ်မာဒူရိုအား ဆန့်ကျင်သည့် မအောင်မြင်ခဲ့သော စစ်ဘက်အုံကြွမှုကို ထောက်ခံသည့် ဥပဒေပြုအမတ်များအား အစိုးရ၏နောက်ဆုံးတုံ့ပြန်မှု ဖြစ်လာခဲ့သည်။

ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်၏ အသိအမှတ်ပြုမှုရရိခဲ့သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟွမ်ဂွါအီဒို၏ လက်ထောက်ဖြစ်သူ အက်ဂါဇမ်ဘရာနို အဖမ်းခံခဲ့ရမှုအား အမေရိကန်နှင့် လက်တင်အမေရိကနိုင်ငံအများအပြားက ဝေဖန်ခဲ့ကြသည်။ ဗင်နီဇွဲလားအစိုးရသည် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအား ပြန်ပေးဆွဲသွားခဲ့ကြောင်း ဗင်နီဇွဲလားပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးလိုကြောင်း ဂွါအီဒိုက ပြောကြားခဲ့သည်။ အစိုးရသည် ဗင်နီဇွဲလားပြည်သူအားလုံးကို ကိုယ်စားပြုသည့် အာဏာကို ဖျက်ဆီးရန် ကြိုးစားနေကြကြောင်း၊ သို့သော် ၎င်းတို့သည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ဂွါအီဒိုက ပြောကြားခဲ့သည်။

ဇမ်ဘရာနိုအား ချက်ချင်းပြန်မလွှတ်ပေးလျှင် နောက်ဆက်တွဲများ ကြုံရမည်ဟု ကာရာကက်၌ ယခုအခါပိတ်ထားရသည့် အမေရိကန်သံရုံးက Twitter တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဂွါအီဒိုအား ကြားဖြတ်သမ္မတအဖြစ် ပထမဆုံးအသိအမှတ်ပြုခဲ့သူများထဲတွင် ပါဝင်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူသည် မာဒူရို၏ ဆိုးရွားသော အလွဲသုံးစားပြုမှုများအား ဆွေးနွေးနေကြောင်း မေ ၉ ရက်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဇမ်ဘရာနိုအား ရည်ညွှန်းခဲ့ခြင်း မရှိသော်လည်း ထရန့်က အမေရိကန်သည် အချိန်မည်မျှကြာသည်ဖြစ်စေ ဗင်နီဇွဲလား ပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂွါအီဒိုအား ထောက်ခံသည့် မအောင်မြင်ခဲ့သော စစ်ဘက်အုံကြွမှုကို ထောက်ခံခဲ့သည့် နောက်ထပ်ဥပဒေပြုအမတ်သုံးဦးကို ဗင်နီဇွဲလားတရားရုံးချုပ်က သီးခြားစွဲချက်တင်ခဲ့သည်။ ယင်းအတွက်ကြောင့် ထိုအုံကြွမှုအား ထောက်ခံမှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုစွဲချက်များဖြင့် စွဲဆိုခံခဲ့ရသည့် အတိုက်အခံ ဥပဒေပြုအမတ် ၁၀ ဦးအထိ ရှိလာခဲ့သည်။

ဗင်နီဇွဲလားအစိုးရ ထောက်ခံသည့် တိုင်းပြုပြည်ပြုလွှတ်တော်ကလည်း စွဲချက်တင်ခံခဲ့ရသည့် ထိုအမတ်များအား ပါလီမန်ဆိုင်ရာ တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းခဲ့သည်။ ဂွါအီဒိုသည်ပင်လျှင် ဧပြီ ၂ ရက်ကတည်းက ထိုကင်းလွတ်ခွင့် ရုပ်သိမ်းခံခဲ့ရပြီးဖြစ်သည်။

အတိုက်အခံထိန်းချုပ်သည့် အမျိုးသားလွှတ်တော်အား ဖယ်ထုတ်ရန် မာဒူရိုက ဖန်တီးခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော်က ထိုအုံကြွမှုအား ထောက်ခံသော မည်သည့်ဥပဒေ ပြုလွှတ်တော်အမတ်ကိုမဆို ပါလီမန်ဆိုင်ရာ ကင်းလွတ်ခွင့် ရုပ်သိမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ဥပဒေပြုအမတ်ခုနစ်ဦးအား တရားစွဲဆိုသွားမည်ဟု တရားရုံးချုပ်က မေ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက်ပိုင်း ဂွါအီဒိုက အစိုးရသည် အုပ်ချုပ်နိုင်ခြင်းနှင့် ကွပ်ကဲနိုင်ခြင်း မရှိတော့သောကြောင့် နှိပ်ကွပ်ခြင်းသာ တုံ့ပြန်တတ်တော့ကြောင်း ဝေဖန်ခဲ့သည်။

ဗင်နီဇွဲလားတွင် စီးပွားရေးပျက်ကပ်ကို ရင်ဆိုင်ရသည်မှာ ငါးနှစ်ကြာရှိလာပြီဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ ငွေကြေးဖောင်းပွမှု အလွန်အမင်းမြင့်တက်မှု၊ စားနပ်ရိက္ခာရှားပါးမှုနှင့် မလုံခြုံမှုစသည်တို့ကြောင့် လူ ၂.၇ သန်းကျော်သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံမှ ထွက်ပြေးခဲ့ကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။                                          Ref ; AFP


READ NEXT
Cancel OK