Top News

ပါကစ္စတန်မှ နာမည်ကျော်ဆူဖီဘုရားကျောင်း၌ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံး
24htopnews | December 1, 2024 7:12 AM CST

ပါကစ္စတန်နိုင်ငံမှ သက်တမ်းအရင့်ဆုံးနှင့် အကျော်ကြားဆုံး ဆူဖီဘုရားကျောင်းများထဲမှ တစ်ကျောင်းဖြစ်သော နိုင်ငံအရှေ့ပိုင်း လဟိုးမြို့ရှိ ဘုရားကျောင်းတွင် မေ ၈ ရက်က အသေခံဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ရဲများကပြောခဲ့ကြသည်။

မွတ်စလင်တို့၏ ဥပုသ်လဖြစ်သော ရာမဒန်အစပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယခုပေါက်ကွဲမှုသည် ၎င်းင်းတို့လက်ချက်ဖြစ်သည်ဟု ပါကစ္စတန်တာလီဘန်အုပ်စု၏ အဖွဲ့ခွဲတစ်ခုက အီးမေးပို့ပြီး ဝန်ခံပြောကြားခဲ့သည်။

တောင်အာရှဒေသ၏ အကြီးဆုံး ဆူဖီဘုရားကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး ၁၁ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည့် ဒတ်တာဒါဘာဘုရားကျောင်း၏ အမျိုးသမီးများ ဝင်ပေါက်အနီးတွင်  ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိုနေရာသို့ လူများအပြေးရောက်လာကြကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ထိုနေရာအား ကာရံပိတ်ဆို့နေကြစဉ် လူသွားလမ်းပေါ်၌ ပျက်စီးနေသည့် ကားအစိတ်အပိုင်းများ ပြန့်ကျဲနေသည်ကို တွေ့ကြရသည်။

“သူတို့ဟာ မွတ်စလင်တွေမဟုတ်ဘူး။ ဝတ်ပြုသူတွေကိုတောင် ပစ်မှတ်ထားတိုက်ခိုက်ကြတယ်” ဟု ပေါက်ကွဲမှုအတွင်း ပျောက်ဆုံးနေသူတစ်ဦး၏ မိခင်ကဆိုသည်။

အရောင်စုံလှသော ဆူဖီပွဲတော်များ၏ ဗဟိုချက်ဖြစ်သလို အမျိုးအစားစုံလင်သည့် မွတ်စလင်ဂိုဏ်းကွဲများ အဓိက လာရောက်သည့် နေရာတစ်ခုလည်းဖြစ်သည့် ဒတ်တာ ဒါဘာဘုရားကျောင်းသည် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းအားနည်းသော ပစ်မှတ်တစ်ခု ဖြစ်နေရသည်။ ၂၀၁၀ ပြည့်နှစ်ကလည်း ထိုဘုရားကျောင်းသည် အသေခံတိုက်ခိုက်မှု တစ်ခုနှင့် ကြုံခဲ့ရပြီး ထိုစဉ်က သေဆုံးသူ ၄၀ ကျော်ရှိသည်။ ထိုအချိန်မှစပြီး ယင်းနေရာဝန်းကျင်ကို လုံခြုံရေးများ တိုးမြှင့်လိုက်ပြီး လာရောက်သူများသည် စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ကြရသည်။

ဆူဖီဆိုသည်မှာ အစ္စလာမ်ဘာသာ၏ လျှို့ဝှက်နက်နဲသော ပုံစံတစ်မျိုးဖြစ်ပြီး ဆူဖီဝတ်ပြုသူများသည် ပါကစ္စတန်နိုင်ငံထဲမှ သွေးချောင်းစီး တိုက်ခိုက်မှုများ၏ ပစ်မှတ် မကြာခဏ ဖြစ်ရလေ့ရှိသည်။ အစ္စလာမ္မစ် အစွန်းရောက်များကမူ မွတ်စလင်သူတော်စင်များ၏ အုတ်ဂူများ၌ ပြုလုပ်သော ဆူဖီတို့၏ ယုံကြည်မှု၊ ဓလေ့ထံတမ်းများကို မိစ္ဆာဓိဋ္ဌိ အယူများဟု ရှုမြင်ကြခြင်းဖြစ်သည်။

ဘုရားကျောင်း လုံခြုံရေးများမှာ အဓိက ပစ်မှတ်ထားခံရခြင်းဖြစ်သည်ဟု အကြီးတန်းရဲအရာရှိ မူဟာမက်အက်ရှ်ဖာ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု တိုက်ခိုက်မှုအတွင်း ရဲသုံးဦး၊ လုံခြုံရေးအစောင့်နှစ်ဦး၊ ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး သေဆုံးခဲ့သည်ဟု ပန်ဂျပ်ပြည်နယ်ရဲချုပ် အူစမန်ဘက်ဇဒါက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပက်ရှ်ဝါတွင် စာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရရာ ကလေးအများစုအပါအဝင် လူ ၁၅၀ ကျော်သေဆုံးခဲ့သည်။ နိုင်ငံ၏ လူသေဆုံးမှုအများဆုံး ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဏာပိုင်တို့သည် အစွန်းရောက်မှုတို့ကို တိုးမြှင့်နှိမ်နင်းခဲ့ကြသည်။ ထိုစဉ်ကတည်းက ပါကစ္စတန်နိုင်ငံထဲမှ လုံခြုံရေးသည် သိသိသာသာ တိုးတက်လာခဲ့သော်လည်း စစ်သွေးကြွများသည် တိုက်ခိုက်မှုကြီးများကို လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။                          

 


READ NEXT
Cancel OK