Top News

တောင်အာဖရိက အာဏာရပါတီ ANC အတွက် စမ်းသပ်မှုဖြစ်လာမည့် ရွေးကောက်ပွဲများ ကျင်းပ
24htopnews | December 1, 2024 7:12 AM CST

တောင်အာဖရိကနိုင်ငံတွင် မေ ၈ ရက် က အမျိုးသားရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ ခြစားမှုအရှုပ်တော်ပုံများ၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းများ၊ စံချိန်တင် မြင့်မားနေသည့် အလုပ်လက်မဲ့နှုန်းတို့သည် နိုင်ငံထဲတွင် ဖြစ်ပေါ်နေသော်လည်း ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံကို အုပ်စိုးလာသည့် ANC ပါတီကသာ ယခုရွေးကောက်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲငါးခုစလုံးတွင် အနိုင်ရရှိခဲ့သည့် ANC သည် ယခုရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရနိုင်ခြေရှိသော်လည်း အမတ်နေရာအများစုကို ရရှိဖွယ်မရှိပေ။ တောင်အာဖရိကမဲဆန္ဒရှင်များ၏ ကြီးထွားလာသည့် မကျေနပ်ချက်များကို ANC ခေါင်းဆောင်သစ် (သမ္မတ ဆိုင်ရယ်ရာမာဖိုဆာ) က နောက်ကြောင်းပြန်လှည့်နိုင်ခြင်း ရှိမရှိနှင့်ပတ်သက်ပြီး ယခုမဲပေးပွဲမှာ စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ခြစားမှုအရှုပ်တော်ပုံများစွာအပြင် စီးပွားရေးပြဿနာများလည်း ရှိခဲ့သည့် သမ္မတ ဂျက်ကော့ဇူးမားလက်ထက်က ANC သည် ၁၉၉၄ ခုနှစ်နောက်ပိုင်း လူထုထောက်ခံမှု အနိမ့်ဆုံးကျဆင်းသွားသည်။ ယင်းနောက် ဇူးမားသည် ANC ပါတီ ဥက္ကဋ္ဌနေရာမှ ဖိအားပေးမှုကြောင့် နုတ်ထွက်လိုက်ရပြီးအသက် ၆၆ နှစ်အရွယ် ရာမာဖိုဆာက အာဏာကိုလွှဲယူခဲ့ခြင်း ဖြစ်သည်။

လူထုသဘောထားစစ်တမ်းရလဒ်အရ မေ ၈ ရက်က ရွေးကောက်ပွဲတွင် ရာမာဖိုဆာ၏ မဲဆွယ်မှုများနှင့် ယိုင်နဲ့နေသည့် အတိုက်အခံအင်အားစုကြောင့် ANC သည် မဲ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိနိုင်သည်ဟု ခန့်မှန်းရသည်။ “ANC ရဲ့ လုပ်ဆောင်ချက်ဆိုတာထက် အတိုက်အခံတွေရဲ့ အားနည်းမှုကြောင့်ပါ” ဟု Stellenbosch တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ကော်လတ်တီရှုဟာဇာဘာ့ဂ်က ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်က ၀.၈ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ပြီး အလုပ်လက်မဲ့ဦးရေမှာလည်း ၂၇ ရာခိုင်နှုန်း (လူငယ်ထု၏ ရာခိုင်နှုန်း  ၅၀) တွင် တဝဲလည်လည် ဖြစ်နေသည်။

ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အတိုက်အခံပါတီ ၄၇ ခုအနက် ဗဟိုဝါဒများဖြစ်သည့် ဒီမိုကရက်တစ်ညွန့်ပေါင်း DA နှင့် လက်ဝဲစွန်းရောက်များဖြစ်သော စီးပွားရေးလွတ်မြောက်မှုအတွက် တိုက်ခိုက်ရေးသမားများပါတီ EFF တို့ကသာ အဓိကယှဉ်ပြိုင်သူများ ဖြစ်သည်။

အဓိက အတိုက်အခံပါတီဖြစ်သည့် DA သည် လူဖြူ၊ လူလတ်တန်းစားများပါတီဆိုသည့် ၎င်း၏ပုံရိပ်ကို ပယ်ဖျက်နိုင်ရန် မျှော်မှန်းနေသည်။ ၂၀၁၅ ခုနှစ်က ဦးဆောင်နေရာကို ရရှိခဲ့သော DA ပါတီ၏ ပထမဆုံး လူမည်းခေါင်းဆောင် မူစီမိုင်မာနီအတွက် ယခုရွေးကောက်ပွဲသည် ပထမဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် မဲ ၂၂ ရာခိုင် နှုန်းရရှိခဲ့သည့် DA သည် ယခုရွေးကောက်ပွဲတွင် အခြေအနေအနည်းငယ် တိုးတက်လာဖွယ်ရှိသည်။

လွန်ခဲ့သည့် ခြောက်နှစ်က ANC မှ လူငယ်ခေါင်းဆောင်တစ်ဦး တည်ထောင်ခဲ့သည့် လက်ဝဲစွန်းရောက် EFF ပါတီသည် ယခင်ရွေးကောက်ပွဲတွင် ၆.၃ ရာခိုင်နှုန်း မဲရရှိထားရာမှ ၁၁ ရာခိုင်နှုန်းအထိ တိုးမြင့်ရရှိနိုင်သည်ဟု ခန့်မှန်းရသည်။

နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၂၂၉၂၅ ရုံတွင် မဲပေးရန် မှတ်ပုံတင်ထားသူ ၂၆.၈ သန်းရှိသည်။ မဲရုံများကို ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ဖွင့်လှစ်ပြီး ၁၄ နာရီအကြာတွင် ပြန်ပိတ်ခဲ့သည်။ အစောပိုင်းရလဒ်များမှာ မေ ၉ ရက်တွင် ထွက်ပေါ်လာမည်ဖြစ်ပြီး တရားဝင်ရလဒ်ကို မေ ၁၁ ရက်မှ သိရမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲအတွင်း အမတ်နေရာအများဆုံးရရှိသည့် ပါတီသည် သမ္မတကိုရွေးရမည်ဖြစ်ပြီး သမ္မတသစ်မှာ မေ ၂၅ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။                                     

 


READ NEXT
Cancel OK