Top News

IS နှင့်ဆက်နွှယ်သောအဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မည့်အစီအစဉ်ကို အင်ဒိုနီးရှားက ဟန့်တားနိုင်ခဲ့
24htopnews | December 1, 2024 7:12 AM CST

အင်ဒိုနီးရှားက ရွေးကောက်ပွဲ ရလဒ်များအား တရားဝင်ကြေညာသည့်အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှုများစွာပြုလုပ်ရန်  IS နှင့်ဆက်နွှယ်သည့် စစ်သွေးကြွများက စီစဉ်ထားမှုကို ဟန့်တားနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆူမတ်တြားနှင့် မြို့တော်ဂျကာတာ အနီးတို့အပါအဝင် နေရာများစွာတွင်ပြီးခဲ့သော သီတင်းပတ်၌ သံသယရှိသူရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

IS ကို အားကျသည့် အသေခံဗုံးခွဲသူများက သီရိလင်္ကာတွင် လူ ၂၅၇ ဦး သေဆုံးစေခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အင်ဒိုနီးရှားတွင် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားတွင် ပြီးခဲ့သောနှစ် မေ၌ ခရစ်ယာန် ဘုရားကျောင်းများအား အစ္စလာမ္မစ် အသေခံဗုံးခွဲသူများက ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင် သေဆုံးခဲ့ရပြီး နှစ်များစွာအတွင်း အဆိုးရွားဆုံးအကြမ်းဖက်တိုက်ခိုက်မှု၏ နှစ်ပတ်လည်၌ ယခုကဲ့သို့ ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူများသည် ပြီးခဲ့သောနှစ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ၌ တာဝန်ရှိသည်ဟု အပြစ်တင်ခံထားရပြီး IS အဖွဲ့အား သစ္စာခံသည်ဟု ထုတ်ပြန်ထားသော အင်ဒိုနီးရှားအစွန်းရောက်အဖွဲ့ Jemaah Anshurat Daulah (JAD) ၏ အဖွဲ့ဝင်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတွင် မွတ်စလင်အများဆုံး နေထိုင်သည့် အင်ဒိုနီးရှား၌ ရွေးကောက်ပွဲရလဒ်များအား မေ ၂၂ ရက်တွင် တရားဝင်ထုတ်ပြန်မည့်အချိန်၌ ထိုအဖွဲ့က နေရာများစွာတွင် ဗုံးများခွဲရန် စီစဉ်ထားခြင်းဖြစ်သည်။

ဧရာမ ရွေးကောက်ပွဲ မသမာမှုများရှိသည်ဟု ၎င်း၏ စွပ်စွဲချက်များကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနိုင်သည်ဟု အငြိမ်းစားဗိုလ်ချုပ်ဟောင်းဖြစ်သူ သမ္မတကိုယ်စားလှယ်လောင်း ပရာဘိုဝိုဆူဘီယန်တိုက သတိပေးခဲ့ပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို စိုးရိမ်မှုများရှိနေသည်။ သမ္မတ ဂျိုကိုဝီဒိုဒိုက ဒုတိယမြောက်သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရလျှင် ရွေးကောက်ပွဲရလဒ်များကို စိန်ခေါ်သွားမည်ဖြစ်ကြောင်း ဆူဘီယန်တိုက ပြောကြားထားသည်။

ရွေးကောက်ပွဲရလဒ်များအား မထုတ်ပြန်မီနှင့် ထုတ်ပြန်ပြီးချိန်တွင် မငြိမ်မသက်ဖြစ်မှုများကို အခွင့်ကောင်းယူ၍ အကြမ်းဖက်အဖွဲ့သည် ရဲစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ထားကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒီဒီပရာဆစ်ယိုက ပြောကြားခဲ့သည်။ ထိုအကြမ်းဖက်အဖွဲ့သည် ရဲများအား ပစ်မှတ်ထားရန်နှင့် ရွေးကောက်ပွဲ အရှိန်အဟုန်အား အမြတ်ထုတ်ရန် စီစဉ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်တွင် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၌ မိသားစုနှစ်စုက ခရစ်ယာန်ဘုရားကျောင်းများအား အသေခံဗုံးခွဲမှုများ ဆောင်ရွက်ခဲ့ရာ တိုက် ခိုက်ခဲ့သည့် မိန်းကလေးနှစ်ဦးအပါအဝင် လူတစ်ဒါဇင် သေဆုံးခဲ့သည်။ ကမ္ဘာလှည့်ခရီးသွား အများအပြားအပါအဝင် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ၂၀၀၂ ခုနှစ် ဘာလီ ဗုံးခွဲတိုက်ခိုက်မှုများအပြီး အင်ဒိုနီးရှားတွင် အသေခံတိုက်ခိုက်မှု တစ်သီတစ်တန်းကို ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သောမတ်တွင်လည်း နေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့က ဝင်စီးစဉ် အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး JAD အဖွဲ့နှင့်ဆက်စပ်သော ဖောက်ခွဲရေးပစ္စည်းများစွာကို သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။    Ref ; AFP


READ NEXT
Cancel OK