Top News

ရွှေတိဂုံစေတီရင်ပြင်တော်တွင် ဗီယက်နမ်အလှူရှင်များက သံဃာအပါး ၁၀၀၀ ကို ဆွမ်းတော်ကြီးလောင်းလှူပွဲပြုလုပ်ခဲ့
24htopnews | December 1, 2024 8:12 AM CST

ရွှေတိဂုံစေတီရင်ပြင်တော်တွင် ဗီယက်နမ် အလှူရှင်များကသံဃာအပါး ၁၀၀၀ ကို ဆွမ်းတော်ကြီးလောင်းလှူပွဲပြုလုပ်ခဲ့ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ သိရသည်။

သံဃာတော်အပါး ၁၀၀၀ တို့အား လှူဖွယ်ဝတ္ထုများ စုပေါင်းလှူဒါန်းသည့် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားကို ဇွန် ၁၈ ရက် နံနက် ၇ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေး ဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်များ၊ တိပိဋကဓရဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ်လူမျိုးအလှူရှင်များ၊ ရက္ခိတစွမ်းအား ပရဟိတအဖွဲ့မှအလှူရှင်များ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တပညာဓဇထံမှ ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာကြားခြင်း၊ ဆရာတော်ကြီးများအား ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်းများဆောင်ရွက်ကြပြီး တိပိဋကဓရဓမ္မဘဏ္ဍာ ဂါရိက ဘဒ္ဒန္တဣန္ဓပါလ(ရမ္မာဝတီဆရာတော်)က ဝမ်းမြောက်သာရဏီယကထာစကား မြွက်ကြားခြင်းနှင့် အနုမောဒနာတရားချီးမြှင့်ခြင်း၊ ဗီယက်နမ်ဆရာတော် ဦးသမ္မာဒိဋ္ဌိက ကျေးဇူး တင်ဝမ်းမြောက်စကားမိန့်ကြားခြင်း၊ ရက္ခိတစွမ်းအားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်မောင်က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ သိရသည်။

ထို့နောက် ဗီယက်နမ်ဆရာတော် ဦးသီလဂုဏထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် အနုမော ဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ ့ဝင်ဆရာတော်များ၊ တိပိဋကဓရ ဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များနှင့် ပင့်သံဃာတော်များ စုစုပေါင်းသံဃာတော်အပါး ၁၀၀၀ တို့ကို ရင်ပြင်တော်တောင်ဘက် ဗဟိုမဏ္ဍပ်မှစ၍ ဆွမ်းတော်ကြီးလောင်းလှူခြင်း အခမ်းအနားကိုကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)မိသားစုဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗီယက်နမ် နိုင်ငံမှအလှူရှင်များက လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်များ၊ တိပိဋကဓရ ဆရာတော်များ၊ ဗီယက်နမ်ဆရာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ဇွန် ၁၈ ရက် ညနေ၆ နာရီခွဲ တွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဓပါ လ(ရမ္မာဝတီဆရာတော်)ဦးဆောင်၍ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခဲ့ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့မှ သိရသည်။


READ NEXT
Cancel OK