Top News

ဘီးလင်းမြို့နယ် မြေယာစီမံကိန်း (ခေတ္တရုံး) အဆောက်အအုံ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ
24htopnews | December 1, 2024 8:12 AM CST

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအုပ်စုအတွင်းရှိ မြေယာစီမံကိန်း (ခေတ္တရုံး) အဆောက်အအုံမှာ ဇွန် ၁၈ ရက်ညပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအုပ်စု ရွှေကန်နောင်ရပ်ကွက်ရှိ အောင်ဆန်းမြို့သစ်တွင်တည်ရှိသော အဆိုပါဘီးလင်းမြို့နယ် မြေယာစီမံကိန်း (ခေတ္တရုံး)မှာ ဇွန် ၁၈ ရက် ည ၆ နာရီခွဲခန့်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“မြေယာစီမံကိန်းရုံးမှာ လက်လုပ်မိုင်း ပေါက်ကွဲတာလို့ သိရတယ်။ ရုံးအဆောက်အအုံတော့ ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားသည်။

ဘီးလင်းမြို့နယ် မြေယာစီမံကိန်းရုံးအတွင်း မိုင်းပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် သက်ဆိုင်ရာက ဝင်ရောက်ရှင်းလင်းရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းသုံးလုံး ထပ်မံတွေ့ရှိရပြီး အသက်မဲ့အောင်ပြုလုပ်ခဲ့ကြောင်းနှင့် ထိုရုံးအဆောက်အအုံမှာ ယခုအကြိမ်အပါအဝင် သုံးကြိမ်မြောက် မိုင်းဖြင့်ဖောက်ခွဲခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည် ဧပြီ ၂၆ ရက် နံနက်အစောပိုင်းကလည်း မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက် အောင်ချမ်းသာကွက်သစ် ဘီးလင်း-ဇုတ်သုတ်ကားလမ်းဘေးတွင်တည်ရှိသည့် ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ၉_၆ ပေ သံပန်းခြံစည်းရိုးဆွဲတံခါးတစ်ချပ်၊ နှစ်ပေပတ်လည်ခန့်ရှိ ကျောက်ပြားဖြင့် ပြုလုပ်ထားသည့် ဆင်ဝင်မျက်နှာကြက်အချပ် ၈၀ ခန့်၊ ၈_၄ ပေ ရုံးဝင်ပေါက်နှစ်ပေါက်ရှိ သစ်သားတံခါးနှစ်ချပ်၊ ရုံးအဆောက်အအုံရှိ ၃_၄ ပေ ပြတင်းတံခါးခြောက်ပေါက်ရှိ ပြတင်းတံခါးရွက်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။


READ NEXT
Cancel OK