Top News

မြောက်ဥက္ကလာပမြို့နယ် (စျ) ရပ်ကွက် စျေးရှေ့ရှိ စိန်၊ ရွှေရတနာဆိုင်အား အမျိုးသားသုံးဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး ကျပ်သိန်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ လုယက်ယူဆောင်သွား
24htopnews | December 1, 2024 8:12 AM CST

မြောက်ဥက္ကလာပမြို့နယ် (စျ) ရပ်ကွက် စျေးရှေ့ရှိ စိန်၊ ရွှေရတနာဆိုင်အား အမျိုးသားသုံးဦးက သေနတ်ဖြင့် ပစ်ခတ်ပြီး ကျပ်သိန်း ၁၆၀၀၀ ကျော်တန်ဖိုးရှိ စိန်နှင့် ရွှေထည်ပစ္စည်းမျိုးစုံကို လုယက်မှု ဇွန် ၁၈ ရက် ညနေ ၄ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း အနီးနေထိုင်သူများက ပြောကြားသည်။

အဆိုပါစျေးရှေ့ရှိ မြတ်မောင် စိန်၊ ရွှေရတနာဆိုင်ကို မိုးကာအင်္ကျီဝတ်ဆင်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမည်မသိအမျိုးသားသုံးဦး ဆိုင်ကယ်ဖြင့် ရောက်လာကာ ဆိုင်အတွင်းသို့ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးအား ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် အသင့်ယူဆောင်လာသည့် တူဖြင့် မှန်ကောင်တာများကို ရိုက်ခွဲကာ စိန်နှင့်ရွှေထည်ပစ္စည်းမျိုးစုံကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံနှံ့နေသည့် CCTV မှတ်တမ်းများအရ သိရသည်။

“ညနေ ၄ နာရီကျော်လောက်မှာ သေနတ်သံတွေကြားရတယ်။ နောက်တော့မှ မြတ်မောင်ရွှေဆိုင်လုယက်ခံရတာမှန်းသိတယ်။ ဆိုင်ကယ်နဲ့သုံးဦးရောက်လာတယ်။ ဆိုင်အတွင်း သေနတ်တွေပစ်ခတ်တယ်။  ဆိုင်ကောင်တာတွေကို တုနဲ့ရိုက်ခွဲပြီးတော့ စိန်နဲ့ရွှေထည်ပစ္စည်းများကို လုယက်သွားတယ်။ နောက်ပြီးလုယက်သွားတဲ့သူတွေက ဆိုင်ရှေ့က တခြားကားတစ်စီးနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်သွားတယ်” ဟု အနီးနေထိုင်သူများက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း အမျိုးသားနှစ်ဦး၏ လက်နှင့်ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အနီးနေထိုင်သူများထံမှ သိရသည်။

လုယက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်အတွင်း စစ်ဆေးမှုများပြုလုပ်ကာ အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်အတွင်းရောင်းချလျက်ရှိသော ရွှေလက်ကောက်များ၊ ရွှေဆွဲကြိုး၊ ဟန်းချိန်း၊ နားကပ်၊ ရွှေဆွဲပြား အစရှိသည့် ရွှေထည်များ စုစုပေါင်းတန်ဖိုးကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် ပါသွားကြောင်း သိရသည်။


READ NEXT
Cancel OK