Top News

ကမ္ဘောဒီးယားတွင်ကျင်းပသည့် UNWTO အစည်းအဝေးများသို့ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်
24htopnews | December 1, 2024 8:12 AM CST

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ SOKHA Phnom Penh ဟိုတယ်၌ ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပခဲ့သည့် UNWTO (United Nations World Tourism Organization) ၏ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်ရေး နိုင်ငံတကာကျင့်ထုံးဥပဒေဆိုင်ရာညီလာခံ (Conference on the International Code for the Protection of Tourists–ICPT) (၃၅) ကြိမ်မြောက် အရှေ့အာရှနှင့်ပစိဖိတ်ဒေသများနှင့် တောင်အာရှ ဒေသများအတွက် ပူးတွဲကော်မရှင် အစည်း အဝေးနှင့် (၅၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင် အစည်းအဝေးများသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၁၅ ရက်တွင် ကျင်းပခဲ့သည့် ICPT ညီလာခံသို့တက်ရောက်စဉ် UNWTO-  Asia Pacific ညွှန်ကြားရေးမှူးက ICPT အား ပထမဆုံး ထောက်ခံသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း ညီလာခံသို့အထူးတလည် အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် (၃၅)ကြိမ်မြောက် အရှေ့ အာရှနှင့် ပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေး၌ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလမတိုင်မီကတည်းကပင် မြန်မာနိုင်ငံခရီးသွားဥပဒေနှင့် ခရီးသွားများ၏ စားသုံးသူအခွင့်အရေး ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေအစရှိသည်တို့ဖြင့် ကမ္ဘာလှည့်ခရီးသွားများကို အကာအကွယ်ပေးခဲ့ပုံများ၊ ကိုဗစ်ကာလအလွန်တွင်လည်း အရေးပေါ်ကာလအခြေအနေတွင် ကမ္ဘာလှည့်ခရီးသွားများ အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် ပြည်တွင်း၌မူဝါဒများနှင့် ဥပဒေများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် UNWTO  နှင့်သာမက အဖွဲ့ဝင်များအားလုံးနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။   

ထို့နောက် သံအမတ်ကြီးသည် ဇွန်လ ၁၆ ရက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် (၅၅) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်အစည်းအဝေးသို့လည်း ပါဝင်တက်ရောက်ခဲ့ပြီး UNWTO  အရှေ့အာရှ ပစိဖိတ်ဒေသများအုပ်စု၏ အမှုဆောင်ကောင်စီအဖွဲ့ဝင် (၂၀၂၃-၂၀၂၇) လစ်လပ် နေရာ ရွေးချယ်မှုအပါအဝင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသကော်မရှင်၏ ကဏ္ဍအလိုက် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရွေးချယ်မှုများကို မြန်မာနိုင်ငံကိုယ်စားပြုဆန္ဒ မဲပေးရွေးချယ်ခဲ့ကြောင်းသိရသည်။


READ NEXT
Cancel OK