Top News

မိမိ၏အနာဂတ်ကို မိမိကိုယ်တိုင် မသိရှိတော့ကြောင်း ရော်နယ်လ်ကိုးမန်း ဝန်ခံ     
24htopnews | December 1, 2024 3:12 PM CST

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ရော်နယ်လ်ကိုးမန်းက ဘင်ဖီကာအသင်းကို (၀-၃)ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် မိမိ၏အနာဂတ်ကို မိမိမသိရှိတော့ကြောင်းနှင့် အရာရာသည် အသင်းဥက္ကဋ္ဌ၊ အသင်းဘုတ်အဖွဲ့တို့အပေါ်တွင်သာ မူတည်နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

    

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်း၌ (၃)ဂိုး ပြတ်အရှုံးပေးခဲ့ရသလို၊ ပြီးခဲ့သည့်ပွဲစဉ်တွင်လည်း ဘင်ဖီကာအသင်းကို အဝေးကွင်းတွင် (၃)ဂိုးပြတ် အရှုံးပေးခဲ့ရပြန်သည်။ 

ယင်းအတွက်ကြောင့် အုပ်စုမှ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်မှာ မှေးမှိန်လာခဲ့ပြီး စပိန်မီဒီယာများကလည်း ယင်းအခြေအနေအတွက် ဘာစီလိုနာအသင်းကို ကပ်ဆိုက်နေသည့်အသင်းဖြစ်သည်ဟု ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

    

စပိန်သတင်းစာတော်တော်များများ၏ မျက်နှာဖုံးတွင် ဘာစီလိုနာအသင်း၏ ရှုံးပွဲကို ဖော်ပြခဲ့ကြပြီး ဘာစီလိုနာအသင်းသည် လုုံးဝပျက်စီးခြင်းကိန်း ဆိုက်ရောက်နေပြီဖြစ်ကြောင်း၊ ရော်နယ်လ်ကိုးမန်း၏ အနာဂတ်သည်  သံသယဖြစ်စရာအကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရော်နယ်လ်ကိုးမန်းနှင့် ဆက်သွားနေခြင်းမှာ ကြိုးတန်းပေါ် လမ်းလျှောက်သလိုဖြစ်ကြောင်း စသည်ဖြင့် ရေးသားဝေဖန်ခဲ့ကြသည်။ 

ရော်နယ်လ်ကိုးမန်းကိုယ်တိုင်ကလည်း သူ၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းခံရရာတွင် "ကျွန်တော့်အနာဂတ်ကို ကျွန်တော် ကိုယ်တို်င်လည်း မသိပါဘူး။ အသင်းအတွက် ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ အဆိုးရွားဆုံးအခိုက်အတန့်ကို ရောက်နေပါတယ်။ ကျွန်တော် ဒီအသင်းမှာ ဆက် ရှိနေသရွေ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစား သွားမှာပါ။ ဒါပေမဲ့ ဆက်ရှိ၊ မရှိဆိုတာ အသင်းဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့တို့အပေါ်မှာ မူတည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းတာဝန်ရှိသူများကလည်း နည်းပြအပြောင်းအလဲပြုလုပ်ရန် ဆန္ဒနေသည်ဟု သတင်းများထွက်ပေါ်နေပြီး သတင်းများ၏ အဆိုအရ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာသည် ဂျူဗင်တပ်စ်အသင်း၏ နည်းပြဟောင်း ပီယာလိုအား စိတ်ဝင်စားနေသည်ဟုလည်း သိရှိရသည်။ 

ပီယာလိုကိုယ်တိုင်မှာလည်း ဂျူဗင်တပ်စ်အသင်းတွင် ပထမဆုံးနည်းပြဘဝ စတင်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ အသင်းနှင့် လမ်းခွဲခဲ့ရသူဖြစ်ပြီး လာပေါ်တာကမူ ပီယာလိုသည် ဘာစီလိုနာအသင်းနှင့် အံဝင်ခွင်ကျရှိလိမ့်မည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။

    

ထို့ပြင် ပီယာလိုကို ရွေးချယ်လိုသည့် နောက်ထပ်အကြောင်းအရင်းမှာ ပီယာလိုသည် ရောဘတ်တိုမာတီနက်ဇ်၊ ဇာဗီတို့ကဲ့သို့ အသင်းလက်ကိုင်မရှိဘဲ အသင်းလက်မဲ့ဖြစ်နေခြင်းကလည်း အဓိကဖြစ်ပြီး နည်းပြတစ်ဦးအနေဖြင့် လစာငွေမှာလည်း နည်းပါးနိုင်ခြင်းကြောင့်ဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ရော်နယ်လ်ကိုးမန်းကို ရာထူးမှ ထုတ်ပယ်မည်ဆိုပါက လျော်ကြေးငွေပေးချေရမည့်ပြဿနာလည်းရှိနေပြီး အသင်း၏ ဘဏ္ဍာရေးကျပ် တည်းနေချိန်တွင် အသင်းလက်မဲ့နည်းပြတစ်ဦးဖြင့် ပြန်လည်အစားထိုးခြင်းကသာ အကောင်းဆုံးနည်းလမ်းဟုလည်း ယူဆနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK