အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်က ကျင်းပခဲ့ပါတယ်။
ဂျာကာတာမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးက လွှမ်းမိုးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာ့တပ်မတော်နဲ့ အတိုက်အခံအင်အားစုတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုချက်တွေ ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
“အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံးဆီကနေ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုမျိုး အကောင်အထည်ဖော်မယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။
“ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းနိုင်ဖို့ လမ်းညွှန်မှုတစ်ခုအဖြစ်နဲ့ အာဆီယံအတွက် အထူးသဖြင့် အာဆီယံဥက္ကဋ္ဌအတွက် အလွန် အရေးပါပါတယ်။ ဒါဟာ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ခိုင်မာတဲ့ ညီညွတ်မှုကို ပြသလိုက်တာဖြစ်တယ်”လို့ ရတ်နိုမာဆူဒီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်ပြီးချိန်မှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်ဖို့ ရှေးရှုတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးရေးအတွက် ဘုံသဘောတူညီချက် ငါးရပ်မှာ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ နစကကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံ လက်ထက်မှာလည်း အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအဆင့်အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက် က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ ဆက်နွှယ်မှုမရှိတဲ့ ကိုယ်စားလှယ် တစ်ဦးကိုသာ ဖိတ်ကြားခဲ့တဲ့အတွက် နစကဘက်ကလည်း တက်ရောက်ဖို့ ငြင်းပယ်ခဲ့ပါတယ်။
အာဆီယံအနေနဲ့က ဘုံသဘောတူညီချက်ငါးရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံအပေါ် ဆက်တိုက်တိုက်တွန်း တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လျင်မြန်စွာနဲ့ အပြည့်အဝအကောင်အထည်ဖော်ဖို့ အာဆီယံက မြန်မာ့တပ်မတော်ကို ဆက်လက်တောင်းဆိုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က ပြောကြားခဲ့ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လာမယ့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးသံတမန်ကို မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေးအပါအဝင် အထူးသံတမန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို အာဆီယံက တင်းတင်းကျပ်ကျပ်နဲ့ အဆက်မပြတ်ချဉ်းကပ်နေတယ်လို့ သူက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံခေါင်းဆောင်တွေက ရေးဆွဲခဲ့ပြီး ၂၀၂၁ ခု နှစ် ဧပြီ ၂၄ ရက်က ဂျာကာတာမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခံခဲ့တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဒါပေမဲ့ အာဆီယံ ဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ အကန့်အသတ်နဲ့သာ တိုးတက်မှုတွေရှိနေတဲ့အပေါ် အာဆီယံက အကြီးအကျယ် စိတ်ပျက်နေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ဝရက် ကနေ ၁၃ ရက်အထိ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရင်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်အတိုင်း ဆက်လက် ဆောင်ရွက်မှာဖြစ်ပေမဲ့ အကောင်အထည်ဖော်မယ့်အချိန်ကို သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
■ အာဆီယံဘုံသဘောတူညီချက် ငါးရပ် ဘယ်လိုပေါ်ပေါက်လာသလဲ
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘော အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ၂၀၂၁ ခု နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဘရူနိုင်းပါ။ “အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး (ASEAN Leader’s Meeting)” အဖြစ် ကျင်းပသွားမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု တစ်နှစ်ကျော်အကြာမှာ အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးဖြစ်တာကြောင့် နစကဥက္ကဋ္ဌကို တက်ရောက်ပေးဖို့ ဘရူနိုင်းနိုင်ငံက ဖိတ်ကြားခဲ့တယ်လို့ နစကဘက်က ထုတ်ပြန်ပါတယ်။ တကယ်တော့ မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အာဆီယံခေါင်းဆောင်တွေရဲ့ အလွတ်သဘောအစည်းအဝေးဆိုပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ နစကဘက်က ဆိုပါတယ်။
အဲဒီအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေတက်ရောက်ခဲ့ကြသလို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။
အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ အာဆီယံနဲ့ ပြင်ပဆက်ဆံရေးနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေအပေါ် အမြင်ဖလှယ်ခြင်းဆိုတဲ့ အပိုင်းသုံးပိုင်းနဲ့ အစည်းအဝေးကို ကျင်းပခဲ့တာပါ။ အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးအကြံပြုခဲ့တယ်လို့ နစကဘက်က ထုတ်ပြန်ထားပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်လို့ နစကဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်သုံးချက်ကို ပြောကြားခဲ့တယ်လို့ နစကဘက်က ဆိုပါတယ်။
အဲဒီသုံးချက်ကတော့ (၁) အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြံပြုချက်အချို့ဟာ အပြုသဘောဆောင်တာကို မှတ်သားထားပြီး နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေအပေါ် မူတည်ပြီး တည့်သွင်းစဉ်းစားသွားမယ်။ (၂) မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်မှုရရှိရေးကို ဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံအကျိုးစီးပွားကို အခြေခံပြီး အကြံပြုချက်တွေကို အလေးထား စဉ်းစားပေးသွားမယ်။ (၃) အကြံပြုချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ် အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုပြီး ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့ကို အခြေခံပါက အပြုသဘောစဉ်းစားပေးသွားမယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်နောက်ဆက်တွဲမှာ (၁) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ (၂) သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တစ်ယောက်က ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ကြားဝင်ညှိနှိုင်းပေးဖို့၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီ တွေပေးဖို့နဲ့ (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဖို့ စတဲ့ ဘုံသဘောတူညီ ချက်ငါးရပ်ကို ထည့်သွင်းဖော်ပြခဲ့တယ်လို့ နစကဘက်ကဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ထုတ်ပြန်မယ်ဆိုတာကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင် နိုင်ငံတွေဆီ ကြိုတင်အသိပေးညှိနှိုင်းခဲ့တာ မဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်ရဲ့နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်လို့ အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့သဘောတူညီချက် (ASEAN Consensus) နဲ့ ချမှတ်ခဲ့တာမဟုတ်ဘူးလို့ နစကဘက်က ထောက်ပြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နစကဘက်က ဆိုပေမဲ့လည်း အချိန် နှစ်နှစ်နီးပါးရှိလာရာမှာ ဘာတစ်ခုမှ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် အာဆီယံရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေ အများအပြားရှိခဲ့ပါတယ်။
■ ဘုံသဘောတူညီချက် ငါးရပ်အပေါ် မြန်မာက ဘယ်လိုရပ်တည်သလဲ
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံ ပုံမှန်ထိပ်သီးအစည်းအဝေးအနေနဲ့ ကျင်းခဲ့တာမဟုတ်ဘဲ “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး (ASEAN Leader’s Meeting)ပုံစံနဲ့ကျင်းပခဲ့တာဖြစ်တဲ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ချပြခဲ့တာမျိုးမဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်နောက်ဆက်တွဲအဖြစ် ဖော်ပြခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ထောက်ပြပါတယ်။
ဒါကြောင့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ အာဆီယံနိုင်ငံများ အချင်းချင်း အပြုသဘောဆောင်တဲ့ အကြံပြု တိုက်တွန်းချက်တွေအပေါ်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့သာ မြန်မာနိုင်ငံက ခံယူထားတယ်လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံဟာ အာဆီယံနဲ့ တူညီဆန္ဒငါးချက်ကိုသာမက အာဆီယံမဏ္ဍိုင်သုံးရပ်နဲ့ အာဆီယံအသိုက်အဝန်းထူထောင်ရေး လုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒါကို မြန် မာကိစ္စကြောင့် အာဆီယံဟာ အပိုင်းပိုင်း ကွဲနေပြီ၊ မြန်မာ့အရေးကြောင့် အာဆီယံရဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်နေတာ မဖြစ်သင့်ဘူး စတဲ့ စွပ်စွဲပြောဆိုရေးသားချက်တွေဟာ မြန်မာနိုင်ငံအတွက် မှန်ကန်မှုမရှိ၊ လိုရာဆွဲပြောဆိုနေတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုး၊ ဖြေရှင်းမှုမျိုးကိုဖြစ်စေမှာမဟုတ်ဘဲ နားလည်မှုလွဲမှားစေရေး ပိုမိုဖြစ်စေဖို့ တွန်းအားပေးနေသလို ဖြစ်နေပါတယ်”လို့ သူက ဆိုပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ရင် တူညီဆန္ဒနဲ့ ဆွေးနွေးညှိနှိုင်းမှုကို အခြေခံပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့အစဉ်အလာကို ထိန်းသိမ်းသင့်တယ်လို့ သူက ထောက်ပြပါတယ်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံ ပဋိညာဉ်စာတမ်းပါအခြေခံမှုတွေနဲ့ ဆန့်ကျင်ပြီး အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ် သူကသာ တက်ရောက်ရမယ်ဆိုတဲ့ အစဉ်အလာလည်း မရှိ၊ တစ်ဖက် သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက ်နေတဲ့အပေါ်လည်း အာဆီယံအတွင်း လက်မခံလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒီနေ့အခါမှာ အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှု တွေကြောင့် အာဆီယံဟာ တူညီဆန္ဒနဲ့ ဆွေးနွေးညှိနှိုင်းမှုကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အစဉ်အလာကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးက ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် စုစုပေါင်းအချက် ၁၅ ချက်ကို ချမှတ်ပြီး မြန်မာနိုင်ငံအပေါ် ထပ်မံဖိအားပေးဖို့ ကြိုးပမ်းတာဟာ အာဆီယံလမ်းစဉ်ကနေ သွေဖည်နေတာဖြစ်တယ်လို့ သူက ဝေဖန်ပြောကြားပါတယ်။
“အချက် ၁၅ ချက်ကို ချမှတ်ပြီး မြန်မာနိုင်ငံအပေါ် ထပ်မံဖိအားပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဟာလည်း နစကရဲ့ အာဆီယံနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ အာဆီယံအသိုက်အဝန်း ထူထောင်မှုအခန်းကဏ္ဍမှာ တက်တက်ကြွကြွ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတွေကို လျစ်လျူရှုထားသလိုဖြစ်တဲ့အပြင် အာဆီယံစိတ်ဓာတ်၊ အာဆီယံလမ်းစဉ်တွေကနေ သွေဖည်ဆောင်ရွက် နေတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
■ ဘုံသဘောတူညီချက်တွေကို ဘယ်လို အကောင်အထည်ဖော်နေသလဲ
အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည် ဖော်ရာမှာ မြန်မာနိုင်ငံအနေနဲ့ အာ ဆီယံဥက္ကဋ္ဌတွေရဲ့ အရင်အထူးကိုယ်စားလှယ်တွေနဲ့ အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။
နစကရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အာဆီယံက တောင်းဆိုထားတဲ့ နံပါတ် (၁) အချက်ကို အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာမှာလည်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr.Prak Sokhonn ကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာကို မြန်မာနိုင်ငံဘက်က သဘောတူ လက်ခံခဲ့ကြောင်း၊ Mr.Prak Sokhonn အနေနဲ့ မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့ရာမှာလည်း လိုအပ်သမျှ ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းထဲက တွေ့ဆုံခွင့် စီစဉ်ပေးနိုင်မယ့် အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သူက ရှင်းပြပါတယ်။
“အထူးကိုယ်စားလှယ်များခန့်ထားမှု၊ လက်ခံပူးပေါင်းဆာင်ရွက်ပေးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ကြည့်ရင် မြန်မာအစိုးရဟာ တူညီဆန္ဒငါးချက်ရဲ့ အရေးကြီးတဲ့အချက်တွေကို အာဆီယံနဲ့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲက သိသာထင်ရှားတဲ့ တိုးတက်မှုအဖြစ် ASEAN Coor -dinating Centre for Human -itarian AQistance on Disaster Management – AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက် ထားမှုအကူအညီတွေပေးအပ်နေတာကို အစိုးရက တိုင်းဒေသကြီး၊ ပြည်နယ်တွေအထိ အပြည့်အဝပူးပေါင်း ဖြည့်ဆည်းပေးလျက်ရှိနေတယ်လို့ သူက ပြောပြပါတယ်။
“မြန်မာနိုင်ငံကို AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တဲ့လုပ်ငန်းစဉ်ကို အဆင့်နှစ်ဆင့် သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ မြေပြင်မှာ AHA Centre ရဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက်နဲ့ မူဝါဒဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုတွေကို အဆင်ပြေချောမွေ့စေဖို့ အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force) ကိုလည်း ဖွဲ့စည်းထားပါတယ်။ အခုဆိုရင် ပထမအဆင့်ဖြစ်တဲ့ အသက်ကယ်ရေး အကူအညီတွေပေးအပ်တဲ့ လုပ်ငန်းစဉ်ဟာ အောင်မြင်ချောမောစွာ ပြီးစီးခဲ့ပြီဖြစ်သလို ဒုတိယအဆင့်ဖြစ်တဲ့ ဘဝရှင်သန်တည်မြဲရေး အကူအညီတွေ ပေးအပ်ဖို့အတွက်ကိုလည်း မြန်မာနိုင်ငံက အာဆီယံနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံတူညီဆန္ဒငါးချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့ ပြောဆိုစွပ်စွဲနေကြတာတွေက လုံးဝအခြေအမြစ် မရှိဘူးဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
