Top News

ပြည်ပသို့ထွက်ကစားရန် စီစဉ်နေသည့် တိုက်စစ်မှူး အောင်ကောင်းမာန်၏အပြောင်းအရွှေ့ ပျက်ပြယ်
24htopnews | December 2, 2024 2:12 AM CST

မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်သည် ယခုရာသီတွင် ပြည်ပသို့ထွက်ကစားရန် စီစဉ်ခဲ့သော်လည်း ၎င်း၏အပြောင်းအရွှေ့မှာ ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အောင်ကောင်းမာန်သည် ယခုနှစ် ၂၀၂၀ ရာသီတွင် မိခင်ကလပ်အသင်းဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ကောင်းမာန်ကို ထိုင်းလိဂ်ကလပ်အသင်းများက ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ၎င်း၏ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ ဧရာဝတီယူနိုက် တက်အသင်းနှင့် ထိုင်းလိဂ်ကလပ်အသင်းများအကြား ညှိနှိုင်းမှုပြုလုပ်ရာတွင် သဘောတူညီမှုမရခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိုင်းကလပ်အသင်းများက အောင်ကောင်းမာန်အတွက် ပေးချေမည့် လစာနှုန်းထားမှာလည်း နည်းပါးသဖြင့် ကစားသမားကိုယ်တိုင်က မိခင်ကလပ် ဧရာဝတီယူနိုက်တက်အသင်း၌ သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီယူနိုက်တက် အသင်းမန်နေဂျာ ဦးခင်မောင်ထွန်းက ''အောင်ကောင်းမာန်ကို ထိုင်းလိဂ်ကလပ်အသင်းတွေက အပြီးသတ်ခေါ်ယူချင်နေကြတာပါ။ ဒါကြောင့် ကျွန်တော်တို့ အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှုမရရှိခဲ့ပါဘူး။ သူ့ကို လာကမ်းလှမ်းတဲ့အသင်းတွေကတော့ ထိုင်းလိဂ်-၁ နဲ့ ထိုင်းလိဂ်-၂ ပြိုင်ပွဲက အသင်းတွေပါ။ ကစားသမားအတွက် လစာကိစ္စညှိနှိုင်းတဲ့အခါမှာလည်း သဘောတူညီမှုမရရှိခဲ့ပြန်ပါဘူး။ ထိုင်းလိဂ်ကလပ်အသင်းတွေပေးတဲ့ လစာက အတော့်ကိုနည်းပါးပါတယ်။ ဒါကြောင့် ကစားသမားကလည်း ကျွန်တော်တို့အသင်းမှာပဲ ဆက်ကစားတော့မယ်ဆိုပြီး ပြောလာပါတယ်။ ဒါကြောင့် အောင်ကောင်းမာန်အနေနဲ့ ဒီရာသီမှာတော့ ကျွန်တော်တို့အသင်းမှာပဲ ဆက်ရှိနေသွားမှာပါ''ဟု ပြောကြားသည်။

အောင်ကောင်းမာန်သည် ဧရာဝတီလူငယ်အသင်းမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး ၂၀၁၇ ရာသီတွင် စီနီယာအသင်းသို့ ရောက်ရှိလာသူဖြစ် သည်။ အောင်ကောင်းမာန်သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် ထိုင်းကလပ်အသင်းများက ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် အုပ်စုတွင်းပွဲစဉ်များဖြစ် သည့် ဖိလစ်ပိုင်၊ တီမော၊ ကမ္ဘောဒီးယားတို့နှင့်ပွဲများအပြင် အင်ဒိုနီးရှားနှင့် ကစားခဲ့သည့် ဆီမီးဖိုင်နယ်ပွဲ၊ ကမ္ဘောဒီးယားနှင့်ကစားခဲ့သည့် တတိယနေရာ လုပွဲတို့တွင် မြန်မာ ယူ-၂၂ အသင်းအတွက် ဂိုးများသွင်းယူပေးခဲ့သည်။

 


READ NEXT
Cancel OK