Top News

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားသည် လက်ရှိတွင် စုစုပေါင်း ရှစ်သောင်းကျော် ရှိသဖြင့် ဖွဲ့စည်းပုံ၏ ၄၈ ရာခိုင်နှုန်း ကျော်သာရှိပြီး ရဲတပ်ဖွဲ့နှင့်ပြည်သူ အချိုး ၁ အချိုး ၆၅၀ ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ပြောကြား
24htopnews | December 2, 2024 2:12 AM CST

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားသည် လက်ရှိတွင် စုစုပေါင်း ရှစ်သောင်းကျော်သာရှိ၍ ဖွဲ့စည်းပုံ၏ ၄၈ ရာခိုင်နှုန်း ကျော်သာရှိပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူအချိုးမှာ ၁ အချိုး ၆၅၀ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

မြို့ပြများတွင် တရားဥပဒေ စိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ဦးစားပေး အဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး နေပြည် တော်၌ မတ် ၁၃ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအ ဝေး၂၄ ရက်မြောက်နေ့တွင် ဒုဝန်ကြီး က ပြန်လည်ရှင်းလင်းရာ အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်း ပုံတွင် အရာရှိ ၂၈၂၂၃ ဦး၊ အခြား အဆင့် ၁၄၄၇၅၇ ဦး စုစုပေါင်း ၁၇၂၉၈၀ ဦးဖြစ်ပြီး လက်ရှိတွင် အရာရှိ ၁၄၉၅၁ ဦး၊ အခြားအဆင့် ၆၈၁၉၂  ဦး စုစုပေါင်း ၈၃၀၈၆ ဦး ရှိတဲ့အတွက် ဖွဲ့စည်းပုံ၏ ၄၈ ဒသမ ၀၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ရဲ တပ်ဖွဲ့နှင့် ပြည်သူအချိုးမှာ ၁ အချိုး ၆၅၀ ဖြစ်ပါတယ်” ဟု ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် တစ်လလျှင် တပ်ဖွဲ့ဝင် ၇၀၀၊ တစ် နှစ်လျင် ၈၄၀၀ စုဆောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲပါ စာဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် တပ်ဖွဲ့ဦးစီးဌာနများ၏ ဖွဲ့စည်းပုံ၏ ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ရေးကို မူအဖြစ် သဘောတူညီပြီး ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်သစ်များ တိုးမြှင့်စုဆောင်း ခန့်ထားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကာ ၂၀၁၈ ခုနှစ်တွင် ရဲတပ်ဖွဲ့ဝင်ဦး ရေ ၇၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်အစိုး ရအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အားတိုးမြှင့်ရေးကို မူအဖြစ်ခွင့် ပြုပြီးဖြစ်၍ ဖွဲ့စည်းပုံအင်အား ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေ ကြောင်းနှင့် တရားဥပဒေစိုးမိုးပြီး ပြည်သူ့ဘဝ လုံခြုံရေးအတွက် အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာရေးဆွဲ၍ ၂၀၁၈-၂၀၂၀  ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံကို ရဲဌာနကြီးခြောက်ခု၊ အထူးတပ်ဖွဲ့ ၁၆ ဖွဲ့၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ရဲ တပ်ဖွဲ့ ၁၅ ဖွဲ့၊ နယ်ခြား စောင့်ရဲကွပ်ကဲမှုအဖွဲ့၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့နှင့် လေ့ကျင့်ရေး ကျောင်းများ စသည်ဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။                  

 


READ NEXT
Cancel OK