Top News

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မီးဘေးသင့်ဒေသခံများ နေအိမ်ပြန်ဆောက်ရန် အခက်အခဲရှိနေ
24htopnews | December 2, 2024 2:12 AM CST

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မတ် ၁၁ ရက်တွင် မီးလောင်ဘေးသင့်ခဲ့သော ဒေသခံများ အနေဖြင့် အိမ်ပြန်ဆောက်ရန်အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

“ရွာနှစ်ရွာစလုံးကို ဒုံဟီးမြို့ကို ခေါ်ပြီးတော့ ပေးအုပ်ပွဲ လုပ်သွားတယ်။ အိမ်တွေဆောက်ဖို့တော့ အဆင်မပြေဘူး။ အခုတော့ တောင်ယာခုတ်နေတဲ့ အချိန်ဆိုတော့ အလုပ်က တော်တော်ကျပ်နေကြတယ်။ အခုလောလောဆယ်ကတော့ ဆွေမျိုးတွေ အိမ်အောက်မှာ အကာတွေ လုပ်ပြီးတော့ နေကြတယ်။ ရွာသားတွေက ဝိုင်းကူကြတာပေါ့။ အဆင်ပြေတယ်လို့တော့ မဟုတ်ပေမယ့်လည်း နောက်ဆုံးဒီလမ်းကို ရွေးရတာပေါ့။ အခုအချိန်ထိတော့ အိမ်ဆောက်ဖို့ဆိုတာ မကြားသေးဘူး။ အခုသူတို့ကတော့ စိတ်ပူနေကြတယ်။ ဘာကို ဘာမှမရှိတာပေါ့။ အိုးခွက်ပန်းကန်ကအစ လောင်သွားတာဆိုတော့ အခုထောက်ပံ့တဲ့ အထဲမှာ အိုးကတစ်လုံးစီလောက်ပဲ ရထားသေးတယ်။ အခုထောက်ပံ့တာက လူဦးရေနဲ့စာရင် မပြောပလောက်ဘူး။ ဒါပေမဲ့ မရှိတာထက်စာရင်တော့ အဆင်ပြေတာပေါ့။ သူတို့ရွာက လူတွေစုစည်းပြီး ကျွန်တော်တို့ ဆီမှာတော့ ဘေးသင့်တဲ့အခါ ဆောက်တဲ့ ယာယီအိမ်တွေ ဆောက်မယ့်ပုံရှိတယ်။ ဘယ်နေ့လောက် ဆောက်ဖြစ်မလဲဆိုတာ မပြောတတ်ဘူး။ ခက်တာက အဲဒီနေရာတွေက ဖုန်းလိုင်းမမိတဲ့ နေရာတွေ ဖြစ်နေတယ်။ အိမ်ပြန်ဆောက်ဖို့အတွက် တော်တော်လေးကို မလွယ်ကူသေးဘူး” ဟု ဒုံဟီးမြို့ခံ ကိုလော်တိုးမှ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ်အတွင်းရှိ ဟာရှိန်လုံကူး ကျေးရွာနှင့် ဗိုတဲနတ်ညိုကျေးရွာတို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး မီးဘေးသင့် ၂၇ အိမ် ဖြစ်ပြီး မီးဘေးသင့် လူဦးရေ  ၁၅၀ ရှိသည်။

“သူတို့ စားတဲ့ စပါးတွေလည်း စပါးကျီ မဆောက်နိုင်သေးတော့ အိမ်ထဲမှာ အခန်းဖွဲ့ထားကြတာ။ အဲဒါဆိုတော့ စပါးတွေလည်း အကုန် လောင်သွားတယ်။ တောင်ယာကျတော့ အိမ်လို ဆောက်ထားတာ မဟုတ်ဘူး။ နေ့လည်နေ့ခင်း ထမင်းစားနားတဲ့အခါ နားဖို့လောက် ဆောက်ကြတာ။ လယ်ကွင်းလို နှစ်ရှည်လများ စိုက်ပျိုးတာ မဟုတ်ဘူး။ တောင်ယာလှည့် ခုတ်ကြတာဆိုတော့ တောင်ယာတဲကို အခိုင်အမာ မဆောက်ကြဘူး။ တဲကုပ်လေးတွေ မိုးခိုဖို့လောက် လုပ်တာပေါ့။ အခုက ဒေသဦးစီးနဲ့ လူကယ်ပြန်ကပဲ လာရောက် ထောက်ပံ့တာပဲ ရှိသေးတယ်။ အလှူရှင်တွေတော့ မလာသေးဘူး။ အလှူရှင်တွေကို မီးဘေးသင့်တဲ့ ရွာအထိ ရောက်စေချင်တာ။ ဒီမှာလာသယ်ဖို့ ဆိုတာကလည်း မလွယ်ဘူးဗျ။ နောက်ဆုံး သွားလာခက်ခဲတယ်။ သယ်ယူစရိတ် မတတ်နိုင်ရင်လည်း အတတ်နိုင်ဆုံး လာသယ်ခိုင်းရမှာပေါ့” ဟု ဦးလော်တိုးက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးဘေးသင့် ကျေးရွာနှစ်ရွာရှိ ဒေသခံများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီး အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဌာနတို့က ထောက်ပံ့မှုများကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။


READ NEXT
Cancel OK