Top News

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ယနေ့မှစတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးခြောက်ခုတွင် ငါးရက်ခန့် အချိန်အခါမဟုတ် မိုးရွာနိုင်
24htopnews | December 2, 2024 2:12 AM CST

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ယနေ့မှစတင်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် ငါးရက်ခန့် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဓိကကတော့ တိုင်းဒေသကြီး ပြည်နယ်ခြောက်ခုမှာ မိုးရွာနိုင်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကတော့ နေရာကျဲကျဲ ရွာနိုင်တယ်။ ကျန်တဲ့နေရာတွေကတော့ နေရာကွက်ကျားလောက် ရွာနိုင်တယ်။ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းနဲ့ ပါလာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာမှာဖြစ်တယ်။ နောက်သုံးလေးရက်လောက်ထိ ရွာ နိုင်တယ် ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် နေ့အပူချိန်များမြင့်တက်နေမှုကြောင့် လေပွေလှိုင်းကြောင့် ရေငွေ့အလုံအလောက်ရရှိပါက မွန်းလွဲညနေပိုင်းများတွင် မိုးတိမ်တောင်များဖြစ်ပွားပြီး လေပြင်းတိုက်ခြင်း မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာဦးကျော်မိုးဦးက ဆက်လက် ပြောကြားသည်။

မိုးရွာလိုက်တဲ့အတွက်တော့ ဒီရက်ပိုင်း ပူနေတာ နည်းနည်းတော့ ပြန်ကျသွားမယ်  ဟု ဒေါက်တာဦးကျော်မိုးဦးက  ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် မတ် ၁၆ ရက်ညနေ ၆ နာရီ မိနစ် ၃ဝအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ ၏ အရှိန်ကြောင့် မတ် ၁၇ ရက်မှ၂၁ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။          

 


READ NEXT
Cancel OK